ဒေးဒရဲ ၂၆ စက်တင်ဘာ
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံး ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့ နံနက် ၁၁ နာရီက အုန်းပင်ကျေးရွာအုပ်စု ဘုရားတန်ဆောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မင်းထိုက်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံး ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့က တာဝန်ရှိသူများက ဌာနလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များ၊ မှုခင်းကျဆင်းရေးနှင့် ကျန်းမာရေးလုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှု ရုံး ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းများအဖြစ် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ ရဲစခန်းထောက်ခံစာများ ပြုလုပ်ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူ (၁၉၉)ဦးတို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


