ဒေးဒရဲ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုယ်လက်လှုပ်ရှား အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို မတ် ၁၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ နည်းစနစ်မှူး ဦးအောင်ဇော်သက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာပြီး ကျန်းမာရေးကောင်းမွန်သော လူမှုအဖွဲ့အစည်းများ တည်ဆောက်နိုင်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား ကျေးရွာစာသင်ကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တွင် အားကစားပစ္စည်းများအား အ.ထ.က (တော်ကမယ်) ကျောင်းရှိ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုနောက် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ ကိုယ်ကာယလေ့ကျင့်ခန်း သရုပ်ပြအကများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ


