ဒေးဒရဲ ၊ ၂၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနက သဘာဝငါးသယံဇာတ များကို ထိခိုက်စေသည့် ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒေးဒရဲမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသရင်းမဟုတ်သည့် ငါးမျိုးများဖြစ်သည့် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)၊ စုပ်ကွက်ငါးများသည် အသားစားကြူးခြင်း၊ ငါး၊ ပုစွန်ငယ်များကို ကြီးမားသော ပါးစပ်ဖြင့် လျင်မြန်စွာ စားသုံးနိုင်ခြင်း၊ မျိုးပြန့်ပွားမှု အဟန့်အတားဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်များကို ထိခိုက်စေခြင်း၊ ဒေသတွင်းတိုင်းရင်း ငါးမျိုးစိတ်များ၏ မျိုးပြန့်ပွားမှုများအား အဟန့်အတားဖြစ်စေခြင်း တို့ကြောင့် သားဖောက် ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝမြစ်၊ ချောင်း၊ အင်းအိုင်များသို့ လွှတ်ခြင်း မပြုလုပ်ကြရန် တားမြစ်ထားကြောင်းနှင့် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် လက်ကမ်းစာစောင်များနှင့် အသိပညာပေး ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပိုစတာစိုက်ထူပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အသိပေးတားမြစ်ချက် ပိုစတာအား စိုက်ထူကြကာ အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


