ဒေးဒရဲ ၁၅ ဇူလိုင်


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ သင်တန်း ဖွင့်ပွဲကို  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကရဝိတ်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဇော်ဝင်းက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒေးဒရဲမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး  ဦးစီအရာရှိ ဒေါ်ကေနွယ်နွယ်ထွန်းနှင့် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းတို့က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။


အဆိုပါ သင်တန်းသို့  ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊ ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနမှ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၂၃၁ ဦး တက်ရောက်ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)