မန္တလေး ၂၉ ဇွန်

 

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ အလှူငွေနှင့် ရွေ့လျားစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၇လမ်း၊ ၈၇လမ်းနှင့် ၈၈လမ်းကြား၊ ရွှေနှင်းဆီရပ်ရှိ အလှူရှင်၏ နေအိမ်ရှေ့တွင် ပြုလုပ်သည်။

 

လှူဒါန်းမှု ပြုလုပ်ရာတွင် အလှူရှင် မိသားစုဖြစ်သော ဦးခင်မောင်တင်နှင့် ဇနီးဒေါ်ခင်စန်းရီ (အောင်မြင်ချမ်းသာ- ဆေးဆိုင်)နှင့် (အောင်မေတ္တာ- ပဲပွဲရုံ)မိသားစုတို့က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောင်တော စီမံကိန်းအတွက် ငွေကျပ်တစ်သိန်းနှင့်  မန္တလေးမြို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်အတွက် သုတ၊ ရသ စာအုပ် ၁၀၂ အုပ်တို့ကို အများပြည်သူဖတ်ရှုနိုင်ရန်အတွက် လှူဒါန်းကြရာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် အောင်မြေသာစံမြို့နယ် ဦးစီးမှူး ဦးဇော်လင်းဦးတို့က လက်ခံရယူပြီး ခရိုင်ဦးစီးအရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါ လှူဒါန်းရာသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း၊ အောင်မြေသာစံမြို့နယ် ဦးစီးမှူး ဦးဇော်လင်းဦးနှင့် ဝန်ထမ်းများ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇော်လင်းဦး (အောင်စံ)

 

mdn