ရန်ကုန် ၃၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယနေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာများနှင့် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် မြက်ဖျာ၊ ခေါင်းအုံ၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်အစုံ ၁၀၀ စုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတုံး(၃)မျိုးတွဲ ၁၀၀ စုံ၊ ရေချိုခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၁၀၀ စုံ၊ PPE ဝတ်စုံ ၄၅ ထည်၊ Surgical Gown ၁၀၀ ထည်၊ Plastic Apron(၁၀၀)ခုပါ ၅ ထုပ်၊ Face Shield ၁၅၀၀ ခု၊ Surgical Mask ၁၅၀၀ ခု၊ လက်အိတ်(၁၀၀)ခုပါ ၃ ဘူး၊ ခေါင်းစွပ် ၁၀၀ ခုပါ ၅ ဘူး၊ ရေမလိုလက်သန့်ဆေးရည်(၅၀၀)မီလီ ၁၀ ဘူး၊ အရက်ပျံ(၅၀၀)မီလီ ၁၀ ဘူး၊ ဆန်(၂၄)ပြည်ဝင်းအိတ် ၃၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး၂၀ ပိဿာ၊ ကြက်ဥ ၂၀၀၀ လုံး ပါဝင်သည့် လူအသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် ၃၆၅၈၉၅၀ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Operation Manager ဦးထွန်းလှစိုး က ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးတို့က အသီးသီးလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ဒလမြို့နယ်၌ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ ၁၄ ခုတွင် စောင့်ကြည့်ခံရသူ စုစုပေါင်း ၅၈၄ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၂၇၉ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်မွန်လာသူ စုစုပေါင်း ၂၆ ဦး၊ သံသယလူနာ ၃၉ ဦးထိရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးထံမှ သိရသည်။
နိုင်လင်းကျော်(ဒလ)