ဟားခါး ၇ ဧပြီ

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် လှူဒါန်းသည့် လူနာတင်ယာဉ်တစ်စီးအား သီကီးရ်တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲက အဆိုပါတိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟားခါးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ဝန်ထမ်းများ၊ သီကီးရ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က သီကီးရ် ကျေးရွာတိုက်နယ်ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ်အား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ခြင်းနှင့် မော်တော်ယာဉ် ရေရှည်တည်တံ့ရေး ဝိုင်းဝန်းထန်းသိမ်း ဆောင်ရွက်ပေးကြရန်၊ ကျေးရွာပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆေးရုံကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

 

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် လူနာတင်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ သီကီးရ်ကျေးရွာ COVID-19 ​ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာလအတွင်း အသုံးပြုနိုင်ရေး ကာကွယ်ရေးဆေးပစ္စည်းများ၊ လူနာတင်ယာဉ်ထိန်းသိမ်းခြင်းအတွက် အသုံးပြုနိုင်ရန် မတည်လှူဒါန်းငွေကျပ် (၅)သိန်းတို့ကို လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လွှဲပြောင်းပေးအပ်ရာ တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာမျိုးမင်းသက်နှင့် တိုက်နယ်ဆေးရုံ ကြီးကြပ်မှုကော်မတီဝင်များက လက်ခံရယူခဲ့ကြပြီး ကျေးရွာပြည်သူလူထုကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလျန်ထန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)