နေပြည်တော် ၆ ဧပြီ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်များဖြင့် စာအုပ်စာစောင်များ လှည့်လည် ငှားရမ်းပေးမှုနှင့်အတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ပြည်သူများသိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျွဲမင်းကျကျေးရွာနှင့် စည်သာကျေးရွာတို့တွင် လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်ကလေးကျေးရွာ၊ ဘားကပ်ကျေးရွာ၊ လှိုင်ကမ္ဘာကျေးရွာ၊ ပင်ဂျီကျေးရွာ၊ ပိုးချည်မျှင် ရက်ကန်းကျောင်း ခြေတုလက်တု အလုပ်ရုံနှင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များ အတွင်း၌လည်းကောင်း၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဂုံးမင်းကွင်း ကျေးရွာတွင်လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းပြီး COVID-19 အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးမှုသရုပ်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရုပ်ရှင်နှင့် ဂီတအနု ပညာရှင်များ၏ COVID-19 ဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များကို နံရံကပ်ပြဘုတ်များဖြင့် ခင်းကျင်းချိတ်ဆွဲပြသခြင်း၊ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာနေထိုင်ရေး၊ Mask များတပ်ဆင်ရေး၊ COVID-19 ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် အသွားအလာ ကန့်သတ်ခြင်း ဆိုင်ရာများ လိုက်နာဆောင်ရွက်ရေးတို့ကို အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ရပ်ရွာအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းနိုင် (ပြန်/ဆက်)


