ကမ္ဘာသုံးခရစ်နှစ် ၂၀၂၄ခုနှစ် ကနေ ၂၀၂၅ခုနှစ် နှစ်သစ်သို့ ကူးပြောင်း သွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါပဲ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာ အချိန်အခါမှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေ ကမ္ဘာသူ/သား အားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စီးပွားဥစ္စာ ရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွား နိုင်ကြပါစေ။ သာသနာအကျိုး၊ ဘာသာအကျိုး၊ သတ္တဝါအကျိုး၊ တိုင်းကျိုးပြည်ကျိုး၊ ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပြီး မကောင်းတဲ့စိတ်ကို ပယ်ဖျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်၍ မကောင်းတာတွေ ဖျောက်ပြီး ကောင်းတာတွေ ရောက်ကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

 

မြတ်စွာဘုရားဟောကြားတော်မူတဲ့ လူသားတိုင်း လူသားတိုင်းမှာ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံနိုင်ကြပါစေ။ သူတော်ကောင်း တရားခုနစ်ပါးကို လူမျိုးဘာသာမရွေး အားလုံးစောင့်ထိန်းရမှာဖြစ် ပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ ဩတ္တပဆိုတဲ့ သူတော်ကောင်းတရား ခုနစ်ပါးကို မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ၊ ခုနစ်ရက်သား သမီးတွေအားလုံး၊ လူသားတိုင်းစိတ်မှာ ကိန်းပြီး ချမ်းသာခြင်းကိုရကြပါစေ။ နှစ်ဟောင်းက မကောင်းတာတွေ ပယ်ဖျောက်ပြီး နှစ်သစ်မှာ ကောင်းကျိုးချမ်းသာတွေရအောင် သူတော်ကောင်းတရား တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းမေတ္တာပို့ပါတယ်။

 

သဒ္ဓါဆိုတာက ယုံကြည်မှုပါပဲ၊ လူသားတွေ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ကြတယ်။ ဒီတော့ သတ္တဝါ တိုင်းနဲ့ ဆိုင်တဲ့ ကံဆိုတာရှိတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ကာယကံပေါ့၊ နှုတ်ကလည်း ကောင်းတာတွေပြောရင် ကောင်းတာတွေဖြစ်ကြမယ်၊ မကောင်းတာတွေပြောရင် မကောင်းတာတွေ ဖြစ်ကြမယ်၊ ဝစီကံပေါ့၊ စိတ်ကလည်း ကောင်းတာတွေ ကြံစည်ရင် ကောင်းတာတွေဖြစ်သလို မကောင်းတာတွေ ကြံစည် ရင် မကောင်းတဲ့ အကျိုးတွေဖြစ်ကြမယ်၊ အဲ့ဒါကြောင့် ကံနဲ့ ကမ္မ နိယာမသဘောတရားတွေအရ ဘုန်းကြီးတို့ အားလုံးကို ဆုတောင်း မေတ္တာပို့ပါတယ်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး ခုနစ်ရက်သား သမီး သတ္တဝါတွေကောင်းတဲ့ ကာယကံတွေနဲ့ ဆောင်ရွက်နိုင်ကြပါစေ၊ ကောင်းတဲ့ ဝစီကံနဲ့ ပြောဆိုနိုင်ကြပါစေ၊ ကောင်းတဲ့ မနောကံနဲ့ ကောင်းတဲ့ အကြံအစည်တွေကို အမြဲတမ်း ကြံစည်တွေးတောနိုင်ကြပါစေ၊ ကောင်းတဲ့မနောကံနဲ့ ကြံကြ မယ်၊ ကောင်းတဲ့ ဝစီကံနဲ့ ပြောကြမယ်၊ ကောင်းတဲ့ ကာယကံနဲ့ လုပ်ကြမယ် ဆိုရင် လောကကြီးတစ်ခုလုံးက ဘယ်တော့မှ ဆိုးကျိုးတွေမဖြစ်နိုင်ပါ ဘူး၊ ကောင်းကျိုးတွေသာလျှင် ရရှိမှာဖြစ်ပါတယ်။

 

ထို့အတူပဲ ကံနဲ့ အကျိုးပေးဆိုတာ သတ္တဝါတွေကို ဘယ်သူမှ ကယ်လိုမရဘူး၊ မိုးလင်းကနေမိုးချုပ်အထိ ကိုယ့်မနောကံကို ပြန်စစ် ကြည့်စမ်းပါ၊ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပတ်သက်တဲ့ကံတွေမှာ မိမိရဲ့ စိတ်က ဘယ်လောက်အထိ ကောင်းတာတွေ ကြံတယ်၊ တွေးတယ်၊ နှလုံးသွင်းတယ်ဆိုတာ မိမိကိုယ် အသိဆုံး၊ မကောင်းတာ တွေကို ကြံမယ်တွေးမယ်၊ နှလုံးသွင်းနေရင် မကောင်းတာတွေပဲရမယ်၊ မကောင်းတဲ့အကျိုးဆိုတာ ဘယ်တော့မှ ချမ်းသာမှုမရဘူး၊ နှစ်ဟောင်းတွေကုန်ပြီး နှစ်သစ်ကိုကူးပြောင်းတဲ့အခါမှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ မကောင်းတဲ့အရာမှန်သမျှ မကြံဖြစ်ကြပါစေနဲ့၊ မပြောဖြစ်ကြပါစေနဲ့၊ မလုပ်ဖြစ် ကြပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့ပါတယ်။

 

သတ္တဝါတိုင်း၊ သတ္တဝါတိုင်း လူ့ဘဝရဲ့တန်ကြေးက သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းဖြစ်ပါတယ်။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ ဩတ္တပ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ပြည့်စုံပြီး အစစအရာရာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အမြဲတမ်း နှလုံးသွင်းဆောင်ရွက်ကြမယ်ဆိုရင် ကိုယ့်ဘဝလည်း လူဖြစ်ရကျိုးနပ်ပြီး သံသရာမှာ အပါယ်တံခါးပိတ် သုဂတိနိဗ္ဗာန် ထိအောင် ကောင်းကျိုးချမ်းသာ ရနိုင် တယ်ဆိုတာ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း အားလုံးဆောင်ရွက်မယ်ဆိုရင် လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတိုင်အောင် ကောင်းကျိုးချမ်းသာ ရနိုင်ပါတယ်ဆိုတာ အားလုံးယုံကြည်ကျင့်သုံးကြဖို့ တိုက်တွန်းရင်း နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်တဲ့အခါမှာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံက ကင်းလွတ်ပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာ ချမ်းသာထက်ကင်းလွတ်သော နိဗ္ဗာန်ဆိုတဲ့ သံတ္တိသုခ၊ သဒ္ဓါ၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ ဒုက္ခကင်းကင်းနဲ့ နိဗ္ဗာန် တိုင်အောင် ကောင်းကျိုးချမ်းသာကို ရရှိခံစားနိုင်ပါစေလို့ နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ကူးတဲ့အခါမှာ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။