ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံတန် ဘိုအင်းလေယာဉ်သစ်ရှစ်စင်း နယူးဇီလန်လေကြောင်းလိုင်း ဝယ်ယူမည်

နယူးဇီလန်နိုင်ငံမှ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air New Zealand သည် ဘိုအင်း-၇၈၇-၁၀ Dreamliner လေယာဉ်သစ်ရှစ်စင်းဝယ်ယူမည့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံတန် သဘောတူညီချက်ကို ယနေ့ ကြေညာခဲ့သည်။

ဘိုအင်း-၇၈၇-၁၀ Dreamliner လေယာဉ်ရှစ်စင်းဝယ်ယူရန် အမှာစာမှာခဲ့ကြောင်း၊ ဘိုအင်း ကုမ္ပဏီနှင့်သဘောတူညီချက်အရ လေယာဉ်အရေအတွက်ကို ရှစ်စင်းမှ အစင်း ၂၀ ထိ တိုးမြှင့်မည်ဖြစ် ကြောင်း Air New Zealand အမှုဆောင်ချုပ် ခရစ္စတိုဖာလူဇွန်က ပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ လေကြောင်းလိုင်းအတွက် အလွန်ကို အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုက ကျွန်တော်တို့ရဲ့ အနာဂတ် မဟာဗျူဟာမြောက် ရည်မှန်းချက်အတွက် မူဝါဒလမ်းစဉ်ဖြစ်ပြီး တိုးတက်ဖို့ အခွင့်အလမ်းသစ်တွေ ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၅ ခုနှစ်တွင် အသုံးပြုမှုရပ်ဆိုင်းတော့မည့် ဘိုအင်း ၇၇၇-၂၀ဝ လေယာဉ်ရှစ်စင်းနေရာတွင် အသစ်ဝယ်ယူမည့် လေယာဉ်များဖြင့် အစားထိုးမည်ဖြစ်သည်။ အသစ်ဝယ်ယူမည့်လေယာဉ်များက လေယာဉ်ဟောင်းများထက် ၂၅ ရာခိုင်နှုန်း ဆီစားသက်သာမည်ဟု မျှော်လင့်ရသည်။ Air New Zealand လေကြောင်းလိုင်းတွင် ဘိုအင်း-၇၈၇-၉ လေယာဉ် ၁၃ စင်း၊ ဘိုအင်း-၇၇၇-၂၀ဝ ရှစ်စင်းနှင့် ဘိုအင်း-၇၇၇-၃၀ဝ လေယာဉ် ခုနှစ်စင်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်