ဒီဇင်ဘာ  ၃၀

ဒေါ်လာဈေးအတက်အကျနှင့် အထွက်နှုန်းတို့အပေါ်မူတည်၍  ငရုတ်ကောင်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ငရုတ်ကောင်းဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။

“ငရုတ်ကောင်းဈေးက လုံးဝပြန်မကျသွားဘူး။ ဈေးနှုန်းက အတက်ဘက်မှာပဲ ဆက်ငြိမ်နေတယ်။ မနှစ်ကဈေးနဲ့ယှဉ်ကြည့်ရင်တော့ ဒီနှစ်ငရုတ်ကောင်း ဈေးက ၂ ဆကျော်အထိ တက်နေတာပဲ။ ပြည်တွင်းကထွက်တဲ့ ငရုတ်ကောင်းတွေ ဈေးတက်နေသလိုပဲ၊ ဒေါ်လာဈေးတက်နေတဲ့အတွက် ဗီယက်နမ်ဘက်ကနေ မြန်မာပြည်ဘက်ကို import ဝင်လာတဲ့ ငရုတ်ကောင်းတွေကလည်း ဈေးမြင့် နေပါတယ်”ဟု KKO-Pepper ငရုတ်ကောင်းထုတ်လုပ်ရေး၏ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။

လက်ရှိတွင် ငရုတ်ကောင်းစေ့ (အမဲ) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အတွင်း ဈေးနှုန်းရှိနေကြောင်း ဘုရင့်နောင်ပွဲရုံရှိ ငရုတ်ကောင်းကုန်သည်များထံမှ သိရသည်။

“ဒီနှစ်ထဲ ငရုတ်ကောင်းဈေးတွေ ဘယ်လောက်တက်နေလဲဆိုရင် ပြီးခဲ့တဲ့နှစ်က ဒီအချိန်မှာ ငရုတ်ကောင်းစေ့ (အမဲ) ဈေးက တစ်ပိဿာကို ကျပ် ၆၀၀၀/၇၀၀၀ ၊ ငရုတ်ကောင်းစေ့ (အဖြူ) ဈေးက တစ်ပိဿာကို ကျပ် ၂၅၀၀၀  ဝန်းကျင်ပဲရှိခဲ့တယ်။ အခုနှစ်မှာတော့ ငရုတ်ကောင်းစေ့ (အဖြူ) တစ်ပိဿာကို ကျပ် ၃ သောင်းကျော်သွားပြီ။ ဒီနှစ် အခုလိုတွေဈေးတက်ရတဲ့အကြောင်းအရင်းက ပြည်တွင်းက ငရုတ်ကောင်းခြံတွေမှာ အထွက်နှုန်းနည်းတာကြောင့်လည်း အများကြီးပါပါတယ်”ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။

ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ဧကများ နည်းပါးနေသေးခြင်း၊ နှစ်ခြားသီးတတ်သည့် နှစ်တစ်ချို့တွင် ငရုတ်ကောင်းအထွက်နှုန်းများ ပုံမှန်နှစ်များကထက် လျော့ကျတတ်ခြင်း၊ စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ ငရုတ်ကောင်းများကို Import တင်သွင်းနေရခြင်းစသည့် လိုအပ်ချက်များစွာရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

နန်းထက်ထက်ချစ်