ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြည်ပမှ ငရုတ်ကောင်းတင်သွင်းမှုရပ်တန့်နေ

အောက်တိုဘာ ၁၃



ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်ပမှ ငရုတ်ကောင်းတင်သွင်းမှု ရပ်တန့်နေပြီး ပြည်တွင်းရှိ လက်ကျန်ငရုတ်ကောင်းများဖြင့်သာ စားသုံးမှုလည်ပတ်နေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

"အခုအချိန်မှာ ဒေါ်လာဈေးနှုန်း အတက်အကျ မတည်ငြိမ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ ငရုတ်ကောင်းကို ပြည်ပကနေ အရင်နှစ်တွေလို တင်သွင်းမှု မလုပ်နိုင်ကြဘူး။ တင်သွင်းမှု ရပ်ထားကြတာ များတယ်။ ပြည်တွင်း စားသုံးမှုဖူလုံစေဖို့ဆိုပြီး ပြည်ပကနေ မှာယူတင်သွင်းလိုက်မယ်ဆိုရင် ငွေကုန်ကြေးကျက အရင်နဲ့မတူဘူး၊ အရမ်းများနေတယ်၊ တွက်ခြေမကိုက်နိုင်ဘူး။ ဒါ့ကြောင့် ပြည်တွင်းမှာရှိတဲ့ လက်ကျန် ငရုတ်ကောင်းတွေနဲ့ပဲ ဖြစ်အောင် လည်ပတ်နေကြပါတယ်။"ဟု KKO Pepper ငရုတ်ကောင်းစိုက်ပျိုးရေးနှင့် ထုတ်ကုန်လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးအောင်ဆန်းဦးက ပြောသည်။



ယခုကာလသည့် ငရုတ်ကောင်း ပေါပေါလှိုင်လှိုင်ထွက်ရှိသည့် ရာသီချိန် မဟုတ်ခြင်း၊ ပြည်ပမှ တင်သွင်းရန်လည်း ကုန်ကျစရိတ်များပြားနေခြင်း တို့ကြောင့် ငရုတ်ကောင်းထုတ်ကုန် ကုန်ချောထုတ်လုပ်သူများအနေဖြင့်မူ ဈေးကွက်မပျက်ယွင်းစေရန် သတိပြုလုပ်ဆောင်နေကြရကြောင်း သိရသည်။

"ဒီအချိန်က ငရုတ်ကောင်း ထွက်တဲ့ရာသီချိန်လည်း မဟုတ်သေးဘူးဆိုတော့ ပြည်တွင်းမှာလည်း အသီးက မပေါသေးတဲ့ ကာလပါ။ ဒီဇင်ဘာလလောက်မှ စိုက်ခြံတွေက ငရုတ်ကောင်းတွေက ထွက်လာကြမှာလေ။ ဒါ့ကြောင့် ဒီအချိန်ဆိုရင် ငရုတ်ကောင်းက အရင်ကတည်းကလည်း ရှားတတ်တယ်။ ဟင်းခတ်ငရုတ်ကောင်းမှုန့်၊ ငရုတ်ကောင်းစေ့ စတဲ့ ကုန်ချောထုတ်ကုန်တွေ ဖြန့်ဖြူးရောင်းချနေသူတွေနဲ့ အရောင်းအဝယ်သမားကတော့ အခုလိုမျိုးအချိန်မှာ အကျိုးအမြတ်များများ ရဖို့ထက်စာရင် ကိုယ်လုပ်နေတဲ့လုပ်ငန်းကို မပျက်သွားအောင် ထိန်းထားရုံလောက်ပဲ လည်ပတ်နေကြပါတယ်။"ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။



လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ငရုတ်ကောင်းစေ့ (အမဲ)တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဝန်းကျင်၊ ငရုတ်ကောင်းစေ့ (အဖြူ)တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

 

 

နန်းထက်ထက်ချစ်