ဒေါ့မွန် တောင်ပံကစားသမား ဆန်ချို မန်ယူအသင်းသို့ အပြီးသတ်ပြောင်းရွှေ့

ဇူလိုင် ၂၅

အင်္ဂလန်အသင်းမှ တောင်ပံကစားသမားတစ်ဦးဖြစ်သူ ဂျေဒန်ဆန်ချိုသည် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပေါင် ၇၃ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ပြီးနောက် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရခြင်းမှာ ၎င်း၏ အိပ်မက်အမှန်တကယ်ဖြစ်လာပြီး၊ ပရီမီယာလိဂ်တွင် အသင်းဖော်သစ်များနှင့် တွဲဖက်ကစားရန် မစောင့်နိုင်တော့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဆန်ချိုသည် အသင်းဖော်သစ် ဟယ်ရီ မက်ဂွင်းယားပြီးနောက် ဒုတိယမြောက် တန်ကြေးအမြင့်ဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့သည်။

မန်ယူအသင်းသည် ဆန်ချိုကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်အပါအဝင် ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ဆန်ချိုကို ခေါ်ယူရန် ကာလရှည်ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် နှစ်ဖက်အသင်း အလုံးစုံသဘော တူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ အသက်(၂၁ နှစ်)အရွယ်ရှိ ဆန်ချိုသည် မန်ယူအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ပြီးနောက် ပထမအသင်းတွင် ကစားခွင့်ပေးခဲ့သည့် ဒေါ့မွန်အသင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ၎င်းသည် ဒေါ့မွန်အသင်းအတွက် ပြီးခဲ့သည့် ဘောလုံး ရာသီတွင် ၃၈ ပွဲအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၃၇အထိ ပါဝင်ကစားခွင့် ရရှိထားသည်။

၂၀၁၇-၂၀၁၈ ခုနှစ်နောက်ပိုင်း ဆန်ချိုသည် ၁၃၇ ပွဲတွင် ဂိုး ၅၀ သွင်းယူပြီး ဂိုးရရှိအောင် ၅၇ ကြိမ်အထိ စွမ်းဆောင်ထားသည်။ အချက်အလက်များအရ ဆန်ချိုသည် ဂိုးရရှိအောင် ထောက်ပံ့ပေးမှုအပိုင်း၊ ဂိုးရရှိနိုင်လောက်သည့် အခွင့်အရေး ဖန်တီးမှုပိုင်းတွင် ရက်ဖို့ဒ်၊ မာရှယ်၊ ဂရင်းနှင့် ကာဗာနီတို့ထက် သာလွန်နေသည်ကို တွေ့ရသည်။ ဆန်ချို သည် မန်ယူအသင်းတွင် နံပါတ်၂၅ ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဖြစ် သည်။ ထို့ကြောင့် ဆန်ချိုအနေဖြင့် မန်ယူအသင်းတွင် မည်မျှအထိ စွမ်းဆောင်သွားနိုင်မလဲ စောင့်ကြည့်ရမည်ဖြစ်သည်။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ မန်ယူအသင်း နည်းပြဆိုးလ်ရှားသည် အိုးထရက်ဖို့ဒ်၌ သုံးနှစ်သက်တမ်းတိုးစာချုပ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ရာသီအကြိုခြေစမ်းပွဲအဖြစ် ဇူလိုင် ၁၈ ရက်က ဝိန်းရွန်းနေ တာဝန်ယူ ကိုင်တွယ်နေသည့် ဒါဘီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

အောင်ဇော်