ဆင်ပေါင်ဝဲ ၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ဒေါင်းလှကျေးရွာ၌ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန် ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ မူလခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်းသစ် တူးဖော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေး ကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဒေါင်းလှကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် လေးလက်မအကျယ် အနက်ပေ ၅၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ အနံ ရှစ်ပေ အမြင့် ရှစ်ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၈ ဒသမ ၁၆၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် လုပ်ငန်းတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ရှင်းပြသည်။
အဆိုပါ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၄၀)၊ လူဦးရေ (၁၆၄)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် နွေရာသီကာလ သောက်သုံးရေများဖူလုံစွာ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ဒေါင်းလှကျေးရွာအပါအဝင် ရွှေပန်းတော၊ သာပိုး၊ ကန်ပေါက်၊ ချီစွတ်ကျေးရွာများတွင် သောက်သုံးရေရရှိရေးလုပ်ငန်း ငါးခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၇၇ ဒသမ ၃၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)