ကောလင်း ၅ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် အုပ်ဖိုကျေးရွာနေပြည်သူများ ဒေါင်းမြူးချောင်းကမ်းပြိုမှု အန္တရာယ် ကင်းဝေးစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေါင်းမြူးချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ လုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၄၈၀ ဖြင့် တင်ဒါအောင်မြင်သည့် ဥပဓိဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တင်ဒါရရှိသည့်ကုမ္ပဏီမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းဖြင့် ဝန်းသိုမြို့နယ် အုပ်ဖိုကျေးရွာ ဒေသခံပြည်သူများ နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒေါင်းမြူးချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေဖို့ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။ ဆောင်ရွက်ပေးမယ့် ရေထိန်းရေကာတာ လုပ်ငန်း ပမာဏကတော့ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း အလျားပေ ၃၁၀၊ အောက်ခြေ သဲအိပ် ၁၅ပေ၊ ကျောက်ခြင်း ၁၈လက်မ၊ Hard  Core ၁ပေ၊ ကျောက်ခြင်း ၃ပေ ၄လက်မ၊ ကွန်ကရစ်စလစ် ၆လက်မ၊ ကျောက်ထုတ် ၅ပေ ၄လက်မ ဖြင့်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါစနစ်နဲ့  ဥပဓိ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးဖို့နဲ့ လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကျွန်တော်တို့ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခု ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ပြီးစီးသွားရင်တော့ ဝန်းသိုမြို့နယ် အုပ်ဖိုကျေးရွာရှိ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၄၀ ဦးခန့် နှစ်စဉ်ကြုံတွေ့နေရသည့် ဒေါင်းမြူးချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။

 

မြင့်ထွန်းမင်း(ကောလင်း)