၂၁ ဖေဖော်ဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မေလနှောင်းပိုင်းတွင် ဂျပန်နိုင်ငံသို့ နိုင်ငံတော်ဧည့်သည်တစ်ဦးအဖြစ် အလည်အပတ်လာရောက်ဖွယ်ရှိကြောင်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြောကြားသည်။ ထရန့်မှာ ဂျပန် ဧကရာဇ်အသစ် နန်းတက်ပြီးနောက် ပထမဆုံးတွေ့ဆုံသည့် နိုင်ငံခြားခေါင်းဆောင်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ထရန့်သည် ယမန်နေ့က ဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့သည်။ အဆိုပါ ဖုန်းဖြင့် ဆွေးနွေးမှုမှာ လာမည့်သီတင်းပတ်ထဲတွင် ဗီယက်နမ်နိုင်ငံတွင်ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲနှင့် တိုက်ဆိုင်ခဲ့သည်။
အိမ်ရှေ့စံမင်းသားသည် မေလပထမအပတ်တွင် နန်းတက်မည်ဖြစ်ရာ စောနိုင်သမျှစော၍ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် အာဘေးက ထရန့်သို့ ပြောကြားခဲ့သည်။ ထရန့်က ဂျပန်နိုင်ငံသို့ လာရောက်လိုသည့် ဆန္ဒကို ဖော်ပြခဲ့ပြီး ခရီးစဉ်မှာ မေလ ၂၆ရက်နှင့် ၂၈ရက်အတွင်းဖြစ်မည်ဟု မျှော်လင့်ရကြောင်း ဂျပန်တာဝန်ရှိ သူများက ပြောကြားသည်။
ဂျပန်နှင့် အမေရိကန် တာဝန်ရှိသူများသည် ပရော်ဖက်ရှင်နယ် ဆူမိုနပန်းပြိုင်ပွဲ ကြည့်ရှု့ခြင်းနှင့် အာဘေးနှင့် အတူ ဂေါက်ရိုက်ခြင်းတို့ ပါဝင်ဖွယ်ရှိသည့် ထရန့်၏ ခရီးစဉ်နှင့်ပတ်သက်၍ စီစဉ်လျက်ရှိသည်။
အိုဆာကာတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဇွန်လနှောင်းပိုင်းတွင် ထရန့်သည် ဂျပန်နိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်