ဒေါ်နယ်ထရန့်နှင့် အမေရိကန် နိုင်ငံရေးအလားအလာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အာဏာအလွဲသုံးစားပြုခဲ့တယ်လို့ စွဲချက်တင်ထားသည့်အမှုကို ယနေ့စပြီး ရုံးတင် စစ်ဆေးခဲ့ပါတယ်။ အဆိုပါစွပ်စွဲမှုဟာ သမ္မတထရန့်အတွက် ရာထူးသက်တမ်း သုံးနှစ်တာကာလအတွင်း အလွန်တရာ ကြီးမားသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။

 

အတင်းအကျပ်အကူအညီတောင်းခံ

သမ္မတထရန့်ကလာမယ့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ လက်ရှိ သမ္မတရာထူးအာဏာကို အလွဲသုံးစားပြုပြီး ယူကရိန်းနိုင်ငံရဲ့ အကူအညီကို တောင်းခံခဲ့တယ်လို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဒီမိုကရက်တစ်ပါတီအမတ်တွေက စွဲချက်တင်ခဲ့ပါတယ်။ သမ္မတထရန့်က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒင်နဲ့ပတ်သက်ပြီး အပြစ်တစ်စုံတစ်ရာ ရှာဖွေပေးဖို့ ယူကရိန်းသမ္မတကို အတင်းအကျပ် အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

 

ဒါပေမယ့် သမ္မတထရန့်အနေနဲ့ သူ့အပေါ်တင်ထားတဲ့ စွပ်စွဲချက်တွေကို လက်ရှိအချိန်အထိ ငြင်းပယ်လျက်ရှိပါတယ်။ သူ့ အပေါ် စွပ်စွဲပြစ်တင်ချက်တွေဟာ တရားမဝင် လုပ်ရပ်တွေသာ ဖြစ်တယ်။ သူ့အနေနဲ့ ဘာအမှားမှ လုပ်ဆောင်ထားတာ မရှိပါဘူးလို့ သမ္မတထရန့်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

 

လှည့်ကွက်တွေဆင်နေ

ဒီမိုကရက်တစ်တွေက လိမ်လည် လှည့်ဖြားပြီး လှည့်ကွက်တွေ ဆင်နေကြပါ တယ်။ မစိုးရိမ်ကြပါနဲ့ဆိုပြီး သမ္မတထရန့်က နယူးယောက်မြို့ရဲ့ စီးပွားရေးဆိုင်ရာ အသိုက်အဝန်းတစ်ခုမှာ မိန့်ခွန်းပြောရင်း ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

 

ဒါပေမယ့် လက်ရှိစွပ်စွဲချက်တွေဟာ သမ္မတထရန့်အတွက် အလွန်ကြောက် စရာကောင်းတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ ၁၈၆၈ ခုနှစ်မှာ အန်ဒရူးဂျွန်ဆန်နဲ့ ၁၉၉၈ ခုနှစ်မှာ ဘီလ်ကလင်တန်တို့လည်း အလားတူဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့် ဒေါ်နယ်ထရန့်ဟာ အာဏာ အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံရတဲ့ တတိယမြောက် သမ္မတတစ်ဦးဖြစ်လာခဲ့ပါ တယ်။

 

သမ္မတထရန့်ရဲ့ အမှုကို ကိုင်တွယ်စစ်ဆေးရာမှာ ဦးဆောင်ရမယ့် လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ အာဒမ် ရှစ်ဖ်က မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီး အမှုကို ကိုင်တွယ်ဖြေရှင်းသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။

 

ရာထူးကနေ နုတ်ထွက်ခဲ့ ဂျွန်ဆန်နဲ့ ကလင်တန်တို့ နှစ်ဦးစလုံးကို သက်သေထင်ရှားတဲ့အတွက် ရာထူးကနေ နုတ်ထွက်ဖို့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၇ ခုနှစ်မှာတော့ သမ္မတ ရစ်ချက်နစ်ဆန်ဟာ ဝါတာဂိတ်အရေးအခင်းနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ တရားစီရင်ချက် မချမှတ်မီမှာဘဲ ရစ်ချက်နစ်ဆန်ဟာ သမ္မတရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

 

သမ္မတထရန့်ရဲ့ စွဲချက်တင်မှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ကျမ်းကျိန်ထွက်ဆိုမယ့် အစိုးရတာဝန်ရှိသူတွေ အများအပြား ရှိတဲ့အတွက် တရားရုံးကြားနာမှုဟာ အသက်ဝင်လို့နေပါတယ်။ ပြည်သူအများအပြားလည်း အာရုံ စူးစိုက်ကြပါတယ်။

 

အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိ

ဒါ့အပြင် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် တစ်ပါတီနှစ်ရပ်စလုံးကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ သမ္မတထရန့်အပေါ် စွပ်စွဲချက်တွေဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို တိုက်ရိုက်အကျိုးသက်ရောက်စေတဲ့အတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက သမ္မတထရန့် အနိုင်ရရှိရေး အတွက် ခိုင်လုံတဲ့သက်သေတွေ ရှာမှီးနေစဉ်မှာ ဒီမိုကရက်တစ်ပါတီဝင်တွေက ထရန့်အပေါ် စွပ်စွဲထားတဲ့ စွဲချက်တွေကို ပိုမိုခိုင်မာလာစေရေးအတွက် အချက်အလက်တွေနဲ့ သက်သေ ထွက်ရှိပေးမယ့်သူတွေကို ရှာဖွေလျက်ရှိပါတယ်။

 

မျှတမှုမရှိတဲ့ လုပ်ရပ်တွေဖြစ်

အဆိုပါစွဲချက်တွေ ထွက်ရှိလာတဲ့အတွက် သမ္မတထရန့်ကို ရာထူးကနေဖယ်ရှားဖို့ကို အမေရိကန်ပြည်သူအများစုက လိုလားမှုမရှိကြပါဘူး။ ထရန့်ကို ၂၀၁၆ ခုနှစ်မှာ ထောက်ခံမဲပေးခဲ့သူတွေဟာ ယခုစွပ်စွဲချက်တွေအပေါ် ယုံကြည်မှု မရှိကြပါဘူး။ ရီပတ်ဘလစ်ကန် အမတ်တွေက လွှတ်တော်စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အာဒမ်ရှစ်ဖ်ကို မျှတမှုမရှိတဲ့ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြစ်တင်ကြပါတယ်။ ဒါ့အပြင် သမ္မတထရန့်အပေါ် ဆန့်ကျင် ပြီး သက်သေအဖြစ် ထွက်ဆိုပေးသူတွေကိုလည်း တိုက်ခိုက်ပြောဆိုကြပါတယ်။

 

လွှတ်တော်စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အာဒမ်ရှစ်ဖ်က သမ္မတထရန့်အပေါ် စွဲချက်တင်ရုံးတင်စစ်ဆေးမှုတွေကို နိုင်ငံရေး လှည့်ကွက်တစ်ခုအသွင်ပြောင်းလဲဖို့ ကြိုးပမ်း မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ ပေးစာတစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

 

အထောက်အထားတွေ စုဆောင်း

လာမယ့်ရွေးကောက်ပွဲမှာ သမ္မတထရန့်ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ကို အပြစ်ရှာဖွေဖို့အတွက် ယူကရိန်းအစိုးရကို ဒေါ်လာ ၃၉၁ မီလီယံခန့် ကူညီထောက်ပံ့မှုပြုဖို့ သမ္မတထရန့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီနဲ့ နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးဖို့ တောင်းခံခဲ့တာနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်တွေက သက်သေအထောက်အထားတွေကို ရှာဖွေစုဆောင်း လျက်ရှိပါတယ်။

 

အဓိကသက်သေကတော့ ဇူလိုင် ၂၅ ရက် က သမ္မတထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ဂျိုးဘိုင်ဒင်အပေါ် စုံစမ်းစစ်ဆေး မှုတွေ ပြုလုပ်ပြီး အပြစ်ရှာကာ အပုပ်ချစွပ်စွဲမှုတွေ ပြုလုပ်ဖို့ ဆွေးနွေးတိုင်ပင်တဲ့ အိမ်ဖြူတော်ရဲ့ တရားဝင် တယ်လီဖုန်း ခေါ်ဆိုမှု မှတ်တမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ဟာ ၂၀၁၆ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သီအိုရီအတိုင်း ကြံစည်ခြင်းပဲ ဖြစ်တယ်လို့ ယူဆရပါတယ်။

 

ထုတ်ဖော်ပြောကြားဖို့ ငြင်းဆန်

အိမ်ဖြူတော်တာဝန်ရှိသူတွေကလည်း ယူကရိန်းမူဝါဒနဲ့ပတ်သက်တဲ့ အခြားမှတ်တမ်းတွေကို လက်လွှဲပေးအပ်ဖို့နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိအားပေးဖို့ သမ္မတထရန့်ရဲ့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့ကြတဲ့ တာဝန်ရှိသူတွေကို ထုတ်ဖော် ပြောကြားဖို့ ငြင်းဆန်လျက်ရှိပါတယ်။

 

ဒါ့အပြင် သမ္မတထရန့်ရဲ့ စစ်ဦးစီးချုပ် မစ်ခ်မူဗာနေးက တရားရုံးကို လာရောက်ပြီး သက်သေထွက်ဆိုပေးဖို့ တရားရုံးရဲ့ ဆင့်ခေါ်စာကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

 

ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန် ဝီလီယံတေလာနဲ့ ဥရောပနှင့် အာရှဥရောပရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျော့ကန့်တို့က နိုဝင်ဘာ ၁၃ရက်မှာ သမ္မတထရန့် စွဲချက်နဲ့ပတ်သက်ပြီး တရားရုံးတော်မှာ သက်သေ ထွက်ဆိုချက်တွေ ပေးခဲ့ပါတယ်။ သမ္မတထရန့်အနေနဲ့ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် ပြိုင်ဘက် ဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ကို အပြစ်ရှာပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိအားပေးပြီး ရာထူးအခွင့်အာဏာကို သုံးစွဲခဲ့တာဟာ မှန်ကန်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

 

ရုံးတော်တွင် သက်သေထွက်ဆိုမည်

သမ္မတထရန့်က ယခုနှစ်အစောပိုင်းမှာ ရာထူးက အနားပေးလိုက်တဲ့ ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်သူ မာရီယိုဗာနိုဗတ်ချ်က လာမယ့် နိုဝင်ဘာ ၁၅ ရက်ရုံးချိန်းမှာ ရုံးတော်ကိုလာရောက်ပြီး သက်သေထွက်ဆိုမှာ ဖြစ်တယ်လို့ သိရပါ တယ်။

 

လာမယ့် ရက်သတ္တပတ်အတွင်းမှာ ရုံးတော်ကို လာရောက်သက်သေထွက်ဆိုပေးဖို့ သက်သေရှစ်ဦးခန့်ကို ဒီမိုကရက်တွေက စီစဉ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

ရီပတ်ဘလစ်ကန် အမတ်တွေကလည်း သမ္မတထရန့်ဘက်ကနေ စွပ်စွဲချက်တွေကို ကန့်ကွက်ပေးဖို့ စီစဉ်ဆောင်ရွက်မှုတွေကို ပြင်ဆင်လျက်ရှိပါတယ်။

 

လုပ်ရပ်တွေကို လိုလားမှုမရှိ

 

ထရန့်ကိုရာထူးကနေဖယ်ရှားဖို့ကြိုးစား တာဟာသူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေကို လိုလားမှုမရှိလို့ဘဲ ဖြစ်တယ်လို့ ဒီမိုကရက်တွေရဲ့ မဟာဗျူဟာ လူထုဆန္ဒခံယူပွဲတစ်ခုမှာ ဒီမိုကရက်တွေက ဆိုပါတယ်။

 

သမ္မတထရန့်အပေါ် တရားစွဲဆိုမှုဟာ ပထမအဆင့်သာ ရှိပါသေးတယ်။ ဒုတိယအဆင့်ကတော့ ကွန်ဂရက်က သမ္မတကို ရာထူးကနေ ဖယ်ရှားနိုင်ပါတယ်။ အောက်လွှတ်တော်က တရားစွဲဆိုမှုကို ခွင့်ပြုတယ်ဆိုရင် ဆီးနိတ်က တရားရုံးမှာ စစ်ဆေး မေးမြန်းဖို့ ဆောင်ရွက်ရပါတယ်။

 

ဒါပေမယ့် ကွန်ဂရက်မှာ ပါတီနှစ်ရပ်စလုံးက အမတ်တွေရဲ့ ထောက်ခံမဲ သုံးပုံ နှစ်ပုံရရှိမှသာ စီရင်ချက်ချမှတ်ခွင့်ရှိမှာဖြစ် ပါတယ်။ သမ္မတထရန့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီကတရားစွဲဆိုမှုကို ဆန့်ကျင်ကန့်ကွက်နေတဲ့အတွက် ကွန်ဂရက်မှာ ထောက်ခံမဲ သုံးပုံနှစ်ပုံရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သမ္မတထရန့်ကို ရာထူးကဖယ်ရှားဖို့ဆိုတာ ထင်သလောက် မလွယ်သေးဘူးလို့ ယူဆရပါတယ်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-အောင်ကျော်ကျော်