ဒေါ့ဖုန်းယန် ၂၉ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ရှိ ရပ်ကွက်/ ကျေးရွာများ၌ မွေးမြူထားသော ဝက်များသည် ဖေဖော်ဝါရီ (၂၉) ရက်က ပါးစပ်မှအမြှုပ်များထွက်၍ နှာခေါင်းမှ သွေးများထွက်ကာ ရုတ်တရက် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ဝက်များသေဆုံးသည့် နေရာများသို့ ဒေါ့ဖုန်းယန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဒေါ့ဖုန်းယန်နယ်မြေ ရဲကင်းစခန်းမှူး ရဲအုပ်ကျော်လှိုင်နှင့် တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မိုးမောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဋ္ဌာနမှ ဒေါက်တာစည်သူလွင်နှင့် အဖွဲ့တို့က ချက်ချင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့်နေရာများမှာ ဒေါ့ဖုန်းယန်မြို့ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် နားလုံကျေးရွာ၊ တာဆိုင်ကျေးရွာ၊ မံမော်ကျေးရွာများဖြစ်သည်။
ကွင်းဆင်း စစ်ဆေးချက်အရ သေဆုံးသောဝက်များမှာ ရပ်ကွက် (၁) မှ ဝက်ကောင်ရေ (၅၀)၊ ရပ်ကွက် (၂) မှ (၇) ကောင်၊ နားလုံကျေးရွာမှ (၁၀၂) ကောင်၊ မံမော်ကျေးရွာမှ (၆) ကောင် ၊ စုစုပေါင်း (၁၈၂) ကောင်ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါက်တာစည်သူလွင်နှင့်အဖွဲ့က မည်သည့်ရောဂါကြောင့် သေဆုံးရသည်ကို စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဆီမီးခုံ-နန်းရီ


