ဒေါ့ဖုန်းယန် ၉ မေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မြို့တွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို နောင်ဝမ့်ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်ဆိုင်းနန် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြသက်ဦးနှင့် ဝန်ထမ်းများတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်မှ စည်းကမ်းချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် Hand Speaker ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၎င်းအဖွဲ့သည် ကျေးရွာပြည်သူနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပြည်သူအားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြသက်(ပြန်/ဆက်)