ရန်ကုန် ၆  ဇွန်                      

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၌ ပုဇွန်တောင်ချောင်းအတွင်း အောင်မေတ္တာ ကမ်းနားရေဆိပ်တွင် ဇွန် ၄ ရက် က ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဒုရဲအုပ် ကျော်သူမိုး၊ ဒေါပုံမြို့မရဲစခန်း တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ဒေါပုံ မြို့နယ်၊ ယမုံနာ(၁)ရပ်ကွက်၊ အောင်မေတ္တာ(၁၂)လမ်း၊ အောင်မေတ္တာ ကမ်းနားတွင် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း သိရသဖြင့် ဒုရဲမှူး မျိုးအောင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဖုန်းပြည့်ပိုင်၊ (၁၁)နှစ် ဖြစ်ကြောင်း သိရှိရပြီး ပုဇွန်တောင် ချောင်းအတွင်း အောင်မေတ္တာ ကမ်းနားရေဆိပ်၌ တေဇာလင်း၊(၉)နှစ်၊ ပုံ့ပုံ့၊(၁၃)နှစ် တို့နှင့်အတူ ရေကူးနေစဉ် ဖုန်းပြည့်ပိုင်မှ ရေနစ်သွားသဖြင့် တေဇာလင်းနှင့်ပုံ့ပုံ့တို့မှ ကမ်းပေါ်သို့ တက်လာပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံရာ ကိုဝက်ကြီး (ခ) သန်းငြိမ်းအောင်၊ (၂၅)နှစ် က ဝိုင်းဝန်းရှာဖွေရာ ဖုန်းပြည့်ပိုင်၏ ရေနစ်သေဆုံးနေသည့် အလောင်အား ရေအောက်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် အလောင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ် လက်ခံစစ်ဆေးလျက်ရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒေါပုံမြို့မရဲစခန်းမှ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ချယ်ရီ