ဒေါပုံ ၉ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် ဒေါပုံတံတား (ဂျပန်တံတား)အဆင်း လမ်းလယ်တွင် ယနေ့ ညနေ ၄ နာရီခန့်က မင်္ဂလာတောင်ညွန့် (မင်္ဂလာဈေး) ဘက်မှ ကျောက်တန်းမြို့နယ်ဘက်သို့ ပြေးဆွဲသည့် YBS 33 ဖြူ/စိမ်းရောင် မီနီဘတ်စ်ယာဉ်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက်မှ ကျား(၄)ဦး မ(၃)ဦး ပေါင်း(၇)ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး တိမ်းမှောက်နေသောယာဉ်ကြောင့် လမ်းပိတ်ဆို့မှုမဖြစ်စေရေး ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ တိမ်းမှောက်မော်တော်ယာဉ်အား ဖယ်ရှားရှင်းလင်းခဲ့ရာ ၄ နာရီ ၄၅ တွင် ယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း ဒေါပုံ ပြန်/ဆက်မှ သတင်းရရှိသည်။
MDN
