ဒေါပုံ ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ် ၁၉ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေး‌အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများ အား သတ်မှတ်စုရပ်နေရာတို့၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
   ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေးထိုးနှံပေးမှုအား ဒေါပုံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ပြီး ဆေးထိုးရန်ကျန်ရှိသည့်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့်ကျန် အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးစားပေး အဆင့်အလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း (၂၈၀)ကျော်ခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး စေတနာ့ဝန်ထမ်းများမှ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခင်မာဝေ(ပြန်/ဆက်)