ဒေါပုံ ၁၇ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ အ.ထ.က(၁) ကျောင်း၊ ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မဲပေးပိုင်ခွင့်ရှိသောပြည်သူတိုင်း မဲစာရင်းတွင်ပါဝင်ခြင်းဖြင့် မိမိတို့၏ နိုင်ငံသား အခွင့် အရေး မဆုံးရှုံးစေရန်၊ မဲဆန္ဒစာရင်း တိကျမှန်ကန်စေရန် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း လူဦးစာရင်း ကောက်ယူရာတွင် တိကျမှန်ကန်စေရေးနှင့် သတ်မှတ်ကာလအတွင်း တိကျမှန်ကန်သော အချက်အလက်များ ရရှိစေရေးအတွက် တက်ရောက်လာသူများမှ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းက လူဦးရေ စာရင်းကောက်ယူခြင်း ဆိုင်ရာလုပ်ငန်း အဖွဲ့များ နှင့် ပတ်သက်၍ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းများ အကြောင်းကို လည်းကောင်း၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမိုးကျော်သူညွန့်က လူဦးရေ စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ စိစစ်ခြင်းဆိုင်ရာ လုပ်ငန်းများ အကြောင်း ကို လည်းကောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဇင်အေးက လူဦးရေစာရင်းကောက်ယူပြုစုခြင်း အခြေခံမဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းများအကြောင်း အသီးသီး ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသူများနှင့် သင်တန်းသား/သူများက သိလိုသည် များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် မြို့နယ်လူဦးရေစာရင်းကောက်ယူရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၁၇၀)ဦး တက်ရောက်ကြကြောင်း ဒေါပုံမြို့နယ်ပြန်ဆက်မှ သိရသည်။
MDN


