ရန်ကုန်     စက်တင်ဘာ ၂၂

 

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ညွန့်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့ နံနက်ပိုင်းက ယမုံနာ(၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများ မူလဒေသတွင်  အိမ်ထောင်စုလူဦးရေ  စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက်  မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့်    ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ နည်းလမ်းများဖြင့် (၁၆ နှစ် မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယခုလိုပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုနှစ် မေ ၃ ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သိရှိရသည်။

ခင်မာဝေ (ပြန်/ဆက်)