ရန်ကုန်၊ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဒေါပုံမြို့နယ်၊ ယမုံနာလမ်းရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အဆောက်အဦသစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က မြို့နယ်တရားရုံး ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပြီး ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒေါင်းဝေနွယ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ကျော့ဗိုလ်နောင် က အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို သက်ဆိုင်ရာတာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့ထံ ဒေါပုံမြိုနယ် တရားရုံး အဆောက်အဦသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ပစ္စည်းနှင့် အလံငယ်များကို ပေးအပ်ပြီး ဒေါပုံမြို့နယ်တရားသူကြီး ဦးဇေယျာအေးချို က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများက အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုသည်။
ယနေ့ ဖွင့်လှစ်သည့် ဒေါပုံမြို့နယ် တရားရုံး၊ ပင်မအဆောက်အဦသစ်မှာ အနံ ပေ ၆၀ ၊ အလျား ၁၃၁ ပေ ၆ လက်မ အကျယ်အဝန်းရှိ မြေအောက်ကားရပ်နားသည့် နေရာအပါအဝင် သံကူကွန်ကရစ် အမျိုးအစား လေးထပ် အဆောက်အဦဖြစ်ပြီး တရားရုံး အသုံးပြုသူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်