ဒီးမော့ဆို၊ ၄ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးအတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေ ၂၈၈ ဒသမ ၆၁၃ သန်းဖြင့် ဒေါရောက်ခူကျေးရွာအုပ်စု ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း အရှည် ၂ မိုင် ၄ ဖာလုံကို ကျောက်ချောလမ်းအဆင့်မြှင့်တင်ခြင်းနှင့် Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုကြသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ၂ မိုင် ၄ ဖာလုံ မြေလမ်းဖောက်လုပ်ပေးခဲ့ပြီး ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းနှင့် Box Culvert လေးစင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဒေါရောက်ခူကျေးရွာအုပ်စု၊ ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ခုနစ်ရွာ၊ အိမ်ထောင်စု ၃၄၉ စု၊ လူဦးရေ ၂၂၇၃ ဦး တို့အား အကျိုးပြုမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ တစ်ရွာနှင့်တစ်ရွာ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဒေသထွက်ကုန်များလည်း လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုင်း(လွိုင်ကော်)


