နေပြည်တော် ၁၉ စက်တင်ဘာ

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။ ပွင့်လင်းရာသီရောက်ပြီဆိုသည်နှင့် ခရီးသွား လုပ်ငန်းများလည်း ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရေမြေသဘာဝ၊ ပတ်ဝန်းကျင်နှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တစ်နိုင်ငံလုံးတွင် ပေါများကြွယ်ဝလှသဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားသောနိုင်ငံဖြစ်သည်။

ခရီးသွားလုပ်ငန်းများမှာ လူအများအပန်းဖြေသွားလာ လည်ပတ်လေ့လာကြသော လုပ်ငန်းဖြစ်သော်လည်း ထိုလုပ်ငန်းများကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းနိုင်သည်ကို သတိမူကာ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိသောကြောင့် မီးခိုးမထွက်သော စက်ရုံများဟု တင်စားခေါ်ဆိုကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရာတွင် အရင်းအနှီးနည်းပါးပြီး ဒေသတွင်း ကိုယ်ပိုင်အရင်းအမြစ်များနှင့် ဖန်တီးလုပ်ဆောင်နိုင်သော လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အမျိုးသားခရီးသွားမူဝါဒ ခြောက်ရပ် ချမှတ်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားမူဝါဒခြောက်ရပ်တွင် အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းအသစ်များ ဖော်ထုတ်ရေးတို့ ပါရှိရာ ယင်းလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိကာလတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေးတို့ကို အထူးလိုအပ်လျက်ရှိရာ ထိုလိုအပ်ချက်ကို ခရီးသွားလုပ်ငန်းတိုးတက်လာမှု အပေါ်မှ ရယူနိုင်ရန် အားထုတ်ကြရမည်ဖြစ်သည်။ ဒေသများအလိုက် ခရီးသွားလုပ်ငန်းအသစ်များကို ဖော်ထုတ်ခြင်း၊ မြှင့်တင်ခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများ တိုက်ရိုက် အကျိုးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြင့်မားလာရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို စက်တင်ဘာလ ၁၇ ရက်နေ့က ပြဋ္ဌာန်းပေးနိုင်ခဲ့သည်။ ဥပဒေ၏ ရည်ရွယ်ချက်တွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူနှင့် ခရီးသည်တို့၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် တာဝန်နှင့် ဝတ္တရားများ ပါရှိသည်။ ဝန်ဆောင်မှုနှင့် အရည်အသွေးအာမခံချက်များလည်း ပါရှိသည်။ အဓိကမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးဖြစ်၍ ဒေသအလိုက် ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထုတ်ပြန်ထားသော ခရီးသွားဥပဒေသည် အကျိုးရှိ ထိရောက်သော ဥပဒေဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ခရီးသွား အလားအလာကောင်းများ ရှိနေသော်လည်း ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုအားနည်းချက်အချို့ကြောင့် ခရီးသွားလုပ်ငန်းအပေါ် ဂယက် ရိုက်စေသည်တို့ကို အထူးအလေးထား ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းကို အကြောင်းပြု၍ ဒေသအလိုက် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဒေသခံများ၏ စီးပွားရေး အခွင့်အလမ်းများ၊ လူထုအခြေပြုခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သောကြောင့် အကျိုးရလဒ်များစွာ ရှိသော လုပ်ငန်းဖြစ်သည်။

သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုနိုင်ရုံသာမက နိုင်ငံ့စီးပွားရေးနှင့် ဒေသခံပြည်သူများ လူမှုဘဝ မြင့်မားတိုးတက်ရေးကို ရှေးရှုဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ