နေပြည်တော် ၆ အောက်တိုဘာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်သုတေသနဌာနစုမှ သုတေသနပညာရှင်များသည် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီ၍ ရေ၊ မြေဒေသအလိုက် ဖြစ်ထွန်းမှု ရှိသည့် အထွက်နှုန်းကောင်း သီနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း သုတေသနအစီအစဉ်အရ ဒေသအသီးသီးမှ ခရမ်းဗီဇမျိုးကွဲများ စုဆောင်း၍ အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများအား နှိုင်းယှဉ်လေ့လာခြင်းသုတေသနကို ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ရေဆင်း စိုက်ပျိုးရေးသုတေသဦးစီးဌာန မှသိရသည်။
အဆိုပါ သုတေသနသည် ဒေသခရမ်းမျိုးဗီဇကွဲများ၏ အရည်အသွေး၊ အရည်အချင်း၊ အထွက်နှုန်း လက္ခဏာများ နှိုင်းယှဉ်လေ့လာရန်ရည်ရွယ်၍ ဌာနစုတာဝန်ခံ ဒေါ်လုဘူ၏ ကြီးကြပ်မှုဖြင့် စမ်းသပ်ကွက် တာဝန်ခံဖြစ်သော ဦးအောင်နိုင်ထူးနှင့် သုတေသနပညာရှင်များက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စမ်းသပ်ကွက်တွင် သုတေသနပြု စိုက်ပျိုးထားသော ခရမ်းမျိုးများမှာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ စုဆောင်းရရှိထားသည့် ဒေသခရမ်းမျိုး (၂၅) မျိုးအား၊ ပင်ကြားနှင့် တန်းကြား အကွာအဝေး (၁ ပေ × ၁.၅ ပေ) ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ စမ်းသပ်ကွက်ကို အာစီဘီဒီဇိုင်းအသုံးပြုကာ ထပ်ပြုကြိမ် (၃) ကြိမ်ဖြင့် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခရမ်း ဗီဇကွဲမျိုး (၂၅) မျိုး၏ အရည်အသွေးနှင့် အရည်အချင်းလက္ခဏာများ လေ့လာခြင်း သုတေသနတွင် အပင်ကြီးထွားမှုအလေ့အထ၊ သက်တမ်းအစရှိသော ပင်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ပွင့်သီးမှုလက္ခဏာများ (ပန်းပွင့်ချိန်၊ အသီးပုံစံ၊ အသီးအရောင်၊ အသီးအရွယ်အစား) အပါအဝင် အထွက်နှုန်း၊ ဇီဝဖိစီးမှုဒဏ် (ပိုးမွှား၊ ရောဂါ) ခံနိုင်ရည်ရှိမှု (Biotic Stress Resistance)၊ သက်မဲ့ဖိစီးမှုဒဏ် (ရေငတ်ဒဏ်၊ အပူဒဏ်) ခံနိုင်ရည်ရှိမှု (Abiotic Stress Resistance) အစရှိသော အသေးစိတ်မှတ်တမ်းများအား ကောက်ယူသွားမည်ဖြစ်သည်။ ယင်းသုတေသနမှ ရေ၊ မြေဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်း ခရမ်းမျိုးများအား မိဘမျိုးလိုင်းများအဖြစ် ရွေးချယ်သွားမည်ဖြစ်ပြီး မျိုးကူးစပ်မွေးမြူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ခြင်းကြောင့် ဒေသနှင့် လိုက်လျောညီထွေမှုရှိသော ဈေးကွက်ဝင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း ခရမ်းမျိုးသစ်များ မွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်မိုး


