ရန်ကုန် ၊ ၃၀ ဇန်နဝါရီ
ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် မကြာမီဖွင့်လှစ်မည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းအနီး တည်ဆောက်ထား သည့် ပထမဆုံး ပုဂ္ဂလိက ရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum သို့ ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ဇေကမ္ဘာ Museum အတွင်း လှည့်လည်ကြည့်ရှုရာ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ က ပြတိုက် တည်ဆောက်ပြီး စီးမှုအခြေအနေ၊ ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသော ခေတ်အဆက်ဆက်မှ ကိုလိုနီခေတ်အထိ လူ့အသုံး အဆောင်များဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှု ဆိုင်ရာပစ္စည်း ပြခန်းများ၊ မြန်မာမှု လက်ရာ ပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွ ပန်း (၁၀) မျိုး ပြခန်းများနှင့် ကုန်းနေ၊ရေနေ သတ္တဝါများ၏ မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက် ဖြစ်ရုပ်ကြွင်း ပစ္စည်း မျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင်းဆက်မျိုးနွယ်စု ပါဝင်သော မြန်မာ့ပယင်း တွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့် လက်မောင်းရိုးများ၊ နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ် ရုပ်ကြွင်းများ၊ သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှုများ၊ ကျောက်ခေတ်၊ သံခေတ်ရှေးဟောင်း လက်နက် ကိရိယာများ၊ ကြေးခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက်ဆက်အသုံးအဆောင်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်း အမျိုးမျိုး စသည်တို့ကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇေကမ္ဘာ Museum ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းအနီး မြေဧက ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ် အဆောက်အအုံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထား ပြီး ပြတိုက်ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင် ၅၀၀၀ ကျပ် နှုန်းနှင့် နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကောက်ခံရန် သတ်မှတ် ထားကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဆန်းကျော်ဦး)


