ပုလဲ ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ လူထုဖြန့်သစ်ပင်မျိုးစုံ ပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်ကို ပုလဲ-ဂန့်ဂေါကားလမ်းဘေး ဝါးသုံးရုံပျိုးယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပုလဲမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်ဦးက “ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေး အထောက်အကူပြုစေရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုကို လျှော့ချနိုင်ရန်၊ ပြုစုထိန်းသိမ်းရေးနှင့် စနစ်တကျ ထုတ်ယူသုံးစွဲရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်ချက်များဖြင့် မိုးရာသီ လူထုလှုပ်ရှားမှုများအဖြစ် သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ပုလဲ-ဂန့်ဂေါကားလမ်းဘေးရှိ ဝါးသုံးရုံပျိုးဥယျာဉ်မှာ ကျွန်းပျိုး ၆၀၀၀၊ ပျဉ်းကတိုး ၅၀၀၊ ပိတောက် ၂၃၉၀၊ တမလန်း ၂၀၀၊ သင်းဝင် ၁၀၀၀၊ ယင်းမာ ၁၅၀၀၊ မန်ဂျန်ရှား ၂၀၀၀၊ စစ် ၅၀၀၊ လျှော်ဖြူ ၁၁၀၀၀၊ မယ်ဇလီ ၄၀၀၀၊ ခရေ ၁၀၀၀၊ ကုက္ကို ၁၀၀၀ နှင့် ဗန်ဒါပင် ၂၀၀ စုစုပေါင်း လူထုဖြန့်ပျိုးပင် ၃၁၂၉၀ ပင်ကို ပျိုးထောင်ထားရှိပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်မှာ စိုက်ပျိုးခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာကျောင်းများသို့လည်း ဖြန့်ဝေပေးခြင်းလုပ်ငန်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးမှာ ပုလဲမြို့နယ်အတွင်း စီးပွားဖြစ် ကျွန်းစိုက်ခင်း ဧက ၂၀၀၊ ရေဝေရေလဲစိုက်ခင်း ဧက ၁၀၀၊ သဘာဝတောတန်ဖိုးမြင့်စိုက်ခင်း ဧက ၁၅၀၊ သီးနှံသစ်တောရောနှောစိုက်ခင်း ဧက ၄၀ နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ခြင်း ၁၁၈၆.၃ ဧကတို့ကို တည်ထောင်၍ စိုက်ပျိုးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်အတွင်း စိုက်ခင်းအမှတ် ၁/၂၀၂၀၊ ၂/၂၀၂၀ ခင်အေးကြိုးဝိုင်း အကွက်အမှတ် (၅၀)၊ (၅၄) ယာယီပျိုးဥယျာဉ်တွင် ကျွန်းပျိုးပင် ၂၁၇၈၀၀၊ ပျဉ်းကတိုးပျိုးပင် ၂၄၂၀၀ စုစုပေါင်း ၂၄၂၀၀၀ ပင်၊ စိုက်ခင်းအမှတ် ၃/၂၀၂၀ ရေဝေရေလဲစိုက်ခင်း မြောက်ယမား ကြိုးဝိုင်းအကွက်အမှတ်(၃၀) ကိုင်းချောင်း ယာယီပျိုးဥယျာဉ်တွင် မယ်ဇလီနှင့် လျှော်ဖြူပျိုးပင် ၂၀၀၀၀၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းအတွက် ဝါးသုံးရုံပျိုး ယာယီဥယျာဉ်နှင့် ကြက်ရင်းယာယီပျိုးဥယျာဉ်တွင် ကျွန်းနှင့် လျှော်ဖြူပင် ၁၇၇၉၄၅၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ခင်း မြောက်ယမား ကြိုးဝိုင်းအကွက်အမှတ် (၃၉)တွင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးပင် ၁၀၅၀၀ နှင့် သီးနှံသစ်တောရောနှောစိုက်ခင်း စသာကြိုးဝိုင်းအကွက်အမှတ်(၂၀)တွင် ကျွန်းနှင့် လျှော်ဖြူပင် ၈၀၀၀ ကို ပျိုးထောင်ထားရှိပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် တည်ထောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


