လင်းဟန်ဇေ၊ ဓာတ်ပုံ - လင်းဟန်ဇေ၊ ပြည်စိုးအောင်

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၃ ခု ရှိသည်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်း ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်မြို့တွင် တည်ရှိပြီး ဟိမဝ္တာတောင်တန်းနှင့် တစ်ဆက်တည်း ဖြစ်သည့်အတွက် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါများနှင့် ကျေးငှက်မျိုးစုံ ကျင်လည်ကျက်စားသည့် နေရာဖြစ်သည်။ ၁၄၇၂ စတုရန်းမိုင် ကျယ်ဝန်းသည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဧရိယာအတွင်း ဟိမဝန္တာ တောင်တန်းများတွင် ကျက်စားသည့် ရေခဲတောင်ဆိတ်၊ သားမင်းစသည့် ရှားပါးသော နို့တိုက်သတ္တဝါများကို မြင်တွေ ့နိုင်ပြီး ယင်းဒေသတွင်သာ ကျင်လည်ကျက်စားသည့် ရေပျော်ငှက်များလည်း ရှိသည်။

နှစ်စဉ် နိုဝင်ဘာလတွင် ဟိမဝ္တာတောင်တန်းကို ကျော်ဖြတ်လာသည့် ကြိုးကြာငှက်များသည် ပူတာအိုလွင်ပြင်၊ နောင်မွန်း လွင်ပြင်များတွင် ခုနစ်ရက်မှ ၁၀ ရက်ခန့်နားခိုပြီးနောက် မြန်မာပြည်အောက်ပိုင်း အင်းတော်ကြီးကန်၊ စစ်ကိုင်း ရေမြက်ကြီး အင်းနှင့် မိုးယွန်းကြီးအင်းတို့သို့ ရောက်ရှိသွားသည်။ မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းများတွင် အပူချိန်မြင့်လာသည့် မတ်လ လဆန်းပိုင်းတွင် ကြိုးကြာငှက်များသည် အအေးဓာတ်ကျန်သေးသည့် ခါကာဘိုရာဇီ ပတ်ဝန်းကျင် ပူတာအိုလွင်ပြင်၊ နောင်မွန်းလွင်ပြင်များသို့ ပြန်လည်ရောက်ရှိလာကြသည်။

ဟိမဝ္တာတောင်တန်းကို ဖြတ်ကျော်မပျံသန်းမီ ထို လွင်ပြင်များတွင် တစ်လခန့် အချိန်ယူ၍ အစာရေစာဝဝ လင်လင်ဖြစ်အောင် နားခိုစားသောက်ကြသည်။ ဟိမဝန္တာတောင်တန်းအမြင့်ကြီးကို ဖြတ်ကျော်ပျံသန်းနိုင်ရန်အတွက် အရှိန်ယူပြီး အပျံလေ့ကျင့်ကြ သည်။ ကြိုးကြာငှက်များ ပျံသန်းသည့်အခါ မြားပစ်သကဲ့သို့ ရှေ့မှတစ်ကောင်က ဦးဆောင်ပျံသွားပြီးမှ နောက်တစ်ကောင်နှင့် အစုလိုက် အဖွဲ့လိုက်ဘေးက နေဖြန့်ပြီး လေဟုန်ကိုစီး ပျံသန်းလေ့ရှိသည်။

3

ဦးအောင်မောင်း (အုပ်ချုပ်ရေးမှူး)၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်
ကြိုးကြာငှက်တွေဟာ ကမ္ဘာ့မြောက်ခြမ်း ဆိုက်ဘေးရီးယားမှာ ရေခဲပြီး အစာရေစာ မရှိတဲ့အချိန် လာရတဲ့ ငှက်တွေဖြစ်တဲ့ အတွက် ဒီငှက်တွေမှာ ရောဂါမျိုးစုံ ပါလာနိုင်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးလို ရောဂါနဲ့ ဝက်ဝမ်းကျရောဂါမျိုးတွေ ရှိတဲ့အရာကို ဒီငှက်တွေက စားခဲ့မိရင် ရောဂါပိုးကို သယ်လာသလို ဖြစ်ပြီးတော့ ဒီဘက်ဒေသမှာ အဲဒီငှက်တွေကို ဖမ်းဆီးပြီး စားမယ်ဆိုရင် ဒီဒေသအတွက် ရောဂါတွေ ပြန့်ပွားလာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီကြိုးကြာငှက်တွေ ပူတာအိုဒေသကို ရောက်လာတဲ့အချိန်မှာ စာသင်ကျောင်းတွေနဲ့ ဈေးတွေမှာ ဒီဆောင်းခိုငှက်တွေက ရောဂါဖြန့်ဖြူးနိုင်တဲ့အတွက် စားသုံးရန်မသင့်ကြောင်း ဌာနအနေနဲ့ လိုက်လံပညာပေး ဆောင်ရွက်နေပါတယ်။

ဒီဒေသက ဒေသခံတိုင်းရင်းသားတွေကို စာသင်ကျောင်းတွေ ဖွင့်တဲ့အချိန်တွေမှာ အထက်တန်းကျောင်းနဲ့ အလယ် တန်းကျောင်းတွေမှာ လစဉ်ဝန်ထမ်းတွေက ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒီဒေသမှာ ရှိနေတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေနဲ့ ဧရာဝတီမြစ်ရဲ့ရေဦးရေဖျား တောတောင်တွေကို ထိန်းသိမ်းဖို့၊ တောတွေ တောင်တွေ ရှိမှသာလျှင် ဒီမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေ ကျင်လည်ကျက်စားနိုင်မှာ ဖြစ်တဲ့အတွက် တောတောင်ထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ထိန်းသိမ်းရေးကို ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ လုပ်သလို ချောင်းတွေကို ပျက်စီးနိုင်တဲ့ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ် ကင်းစင်ရေး၊ ပလတ်စတစ် ကြွပ်ကြွပ်အိတ်ကြောင့် ချောင်းတွေမှာ ရေတွေညစ်ညမ်းသွားမယ်၊ လူတွေကို ရောဂါရနိုင်တယ်ဆိုတဲ့ ရေဝေထိန်းသိမ်းရေး၊ သစ်တောထိန်းသိမ်းရေး၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဒီလိုသုံးချက်ကို ဟောပြောပွဲတိုင်းမှာ ထည့်သွင်းပြီး ကျောင်းတွေမှာ လှည့်လည်ပညာပေး ဟောပြောပါတယ်။

တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းဖို့ ဆိုတာကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ဖို့ လိုအပ်သလို သွားရေးလာရေးခက်ခဲပြီး ငွေကြေးသုံးစွဲဖို့ အကျပ်အတည်းရှိတဲ့ ဒီလိုဒေသမှာ NGO တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်စတင်တည်ထောင်တဲ့ ၂၀ဝ၂ ခုနှစ်က စပြီးတော့မှ WCS ဆိုတဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ) အစီအစဉ်အနေနဲ့ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီးတော့ ပညာပေးလုပ်ငန်းတွေရော၊ ထိန်းသိမ်းရေးလုပ်ငန်းတွေရော ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

2

ဦးကျော်ကျော်ဟန် (တောအုပ်)၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်
ကမ္ဘာပေါ်တွင် ကြိုးကြာငှက် ၁၅ မျိုးခန့်ရှိပြီး မြန်မာနိုင်ငံမှာ Common Crane ဆိုတဲ့ ကြိုးကြာ၊ Sarus Crane ဆိုတဲ့ ကြိုးကြာ၊ Black Necked Crane နဲ့ DemoiselleCrane ဆိုတဲ့ ကြိုးကြာလေးမျိုး တွေ့ရပါတယ်။ Sarus Crane  ကတော့ ဒေသမှာ အမြဲတမ်းတွေ့နိုင်တဲ့ ကြိုးကြာမျိုးစိတ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ တွေ့နိုင်တယ်။ အင်းတော်ကြီးအင်း နေရာမျိုးတွေမှာလည်း တွေ့နိုင်ပါတယ်။ Common Crane  ဆိုတာကတော့ ဒေသအလိုက် ရွှေ့ပြောင်းသွားလာတဲ့ ဆောင်း ခိုငှက်တွေ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆောင်းခိုငှက်တွေ ပျံသန်းရာလမ်းကြောင်း ခုနစ်ခုရှိတဲ့အနက် မြန်မာနိုင်ငံထဲကို Central Asian Fly Way  နဲ့ East Australian Fly Way ဆိုတဲ့ ပျံသန်းရာလမ်းကြောင်း နှစ်ခုနဲ့ ဝင်လာပါတယ်။ ဆောင်းခိုငှက်တွေ ရောက်လာမှုနဲ့ပတ်သက်ပြီး ဓာတ်ပုံမှတ်တမ်းယူတယ်။ ဈေးတွေမှာ ဆောင်းခိုငှက်တွေ သတ်ဖြတ် ရောင်းချတာမျိုး မရှိအောင် ပညာပေးတဲ့အလုပ်တွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့လတွေက အလယ်ပိုင်းက အင်းတချို့မှာ ငှက်တွေ ငါးဆိပ်ချတာနဲ့ ပတ်သက်ပြီးတော့ သတ်ဖြတ်မှုတွေ ရှိနေတဲ့အတွက် ပူတာအိုအတွင်းမှာလည်း အဲဒါမျိုးမဖြစ်အောင် အဓိကထိန်းသိမ်း ကြပ်မတ်နေပါတယ်။ မြန်မာနိုင်ငံကို ဝင်လာတဲ့ ကြိုးကြာငှက်တွေ အများစုက အရွယ်ရောက်ပြီးသားတွေဖြစ်ပြီး အရင်နှစ်တွေက ကောင်ရေ လေးသောင်းနဲ့ အထက်ရှိမယ်လို့ ပညာရှင်တစ်ဦးက ခန့်မှန်းထားပါတယ်။ ဒီနှစ်ကတော့ လက်ရှိ ဓာတ်ပုံမှတ်တမ်းတွေ အရရော၊ အုပ်စုလိုက် ရေတွက်ခြင်းအနေနဲ့ မှတ်တမ်းတင်ထားတာအရ ကောင်ရေ တစ်သောင်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကြိုးကြာငှက်တွေက ဟိမဝန္တာကိုကျော်ဖို့ ပူတာအို လွင်ပြင်က မြက်ခင်းပြင်တွေနဲ့ ရေပြင်တွေမှာ အင်းဆက်တွေ၊ ကောက်ပဲသီးနှံ အကြွင်းအကျန် အစာအာဟာရတွေကိုစားပြီး အားတင်းတဲ့သဘောပါပဲ။

1

မနင်းဆားရ်စီ (ဒေသခံတစ်ဦး)
ကျွန်မတို့ ငယ်ငယ်ကတည်းက ဒီလိုအကောင်တွေ၊ ကြက်ငှက်တွေကို စားလာတော့ သိပ်မထူးဆန်းပါဘူး။ ဒီကမဟုတ်တဲ့ ဧည့်သည်တွေအတွက်တော့ အထူးအဆန်းပေါ့။ အဖေနဲ့ အဘိုးတို့တုန်းကဆို တစ်ခါတလေ ကိုယ်တိုင်အရှာထွက်ရသေးတာ။ ဒါပေမယ့် ဒီနေ့ခေတ်က ရောဂါအသစ် အသစ်တွေပေါ်နေတော့ ကြောက်စရာတော့ ကောင်းတယ်။ ကျွန်မကလေးတွေကိုတော့ အသားထက် ငါးနဲ့အသီးအရွက်တွေပဲ ပိုကျွေးဖြစ်တယ်။ တစ်ခုခု ဖြစ်ရင် ကိုယ်ကျွေးမိတာကြောင့်လို့ ဖြစ်မှာစိုးလို့။ ငါးကတော့ အသားထက်ပိုပြီး ရောဂါကင်းမယ်ထင်တယ်။ ဒီမှာက ရောဂါဖြစ်ရင် ကုသဖို့ သွားလာရဝေးတယ်။ လက်ရှိတော့ စားစရာ အပင်တချို့ စိုက်ထားတယ်။ ကိုယ်တိုင်စိုက်တဲ့ဟာဆိုတော့ ပိုစိတ်ချရတယ်။ တိရစ္ဆာန်တော့ အခုမမွေးဖြစ်တော့ဘူး။ သံယောဇဉ် တွယ်ရတယ်လေ။ သူတို့တစ်ခုခုဖြစ်ရင် ကိုယ်ပါ စိတ်မကောင်းဖြစ်ရတယ်။ ငယ်ငယ်က မသိတော့ အကုန်စားတာပါပဲ။ အခု အသက်ကြီးလာတော့ တချို့အသားတွေ၊ အကောင်တွေ ရောင်းတာမြင်ရင် သနားမိတာနဲ့ မစားဖြစ်တော့ပါဘူး။

ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ဖျားမှ အာဆီယံနိုင်ငံများတွင် နိုဝင်ဘာလမှ မတ်လအထိ ဆောင်းခိုကြသည်။ ထိုကာလအတွင်း ဟိမဝန္တာတောင်တန်း အရှေ့ပိုင်း၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဝန်းကျင်မှာရှိသည့် ဆောင်းခိုငှက်မျိုးစိတ်များ၊ မျိုးစိတ်အသစ်များ နောက်ထပ်မည်မျှ ကျရောက်ကျက်စားမည် ဆိုသည်ကို သိနိုင်စေရန် ယခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ ဆောင်းခို ငှက်စာရင်းကောက်ယူခဲ့ရာ ငှက်မျိုးစိတ် ၆၁ မျိုးကို လေ့လာတွေ့ရှိခဲ့သည်။

အဓိကအရေးကြီးသည့် ငဟစ်ဝမ်းဖြူ (White Bellie Heron) ဆိုသည့် ငှက်မျိုးစိတ်တစ်မျိုးရှိပြီး အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ ငါးနိုင်ငံတွင်သာ ရှိသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်ရေ ၂၄၉ ကောင်သာရှိပြီး ခါကာ ဘိုရာဇီနှင့် ဆက်စပ်တောင်တန်း သစ်တောများ၊ တောင်ပိုင်း တိုးချဲ့ဧရိယာနှင့် ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော များအတွင်း နှစ်နေရာ၌ ကျင်လည်ကျက်စားမှုများကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။
ထို့ပြင် တောဘဲမန်ဒါလီ (White Winged Duck) သည် ခါကာဘိုရာဇီဒေသ၊ ပူတာအိုခရိုင်အတွင်း ယခုနှစ်တွင် မှတ်တမ်း အသစ်ရရှိသည့် ငှက်မျိုးစိတ်ဖြစ်သည်။ ယခင်က ဟူးကောင်းချိုင့် ဝှမ်းဒေသနှင့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် ကျက်စားဒေသအဖြစ် မှတ်တမ်းရရှိ ဖူးသည်။

4

ပူတာအိုဒေသသို့ ငှက်နှင့်ပတ်သက်သော သုတေသနအဖွဲ့များ၊ လေ့လာရေးနှင့် ထိန်းသိမ်းရေးအဖွဲ့များ မလာရောက်နိုင် သေးသော်လည်း ငှက်ကြည့်လေ့လာသင်တန်းနှင့် ငှက်စာရင်းကောက် လေ့လာသင်တန်းများတက်ထားသည့် ဝန်ထမ်းများ က သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ ထောက်ပံ့မှုဖြင့် ငှက်များကို မှတ်တမ်းတင်ခြင်း၊ မည်မျှရှားပါးလာသည်၊ မည်မျှပွားများ လာသည်၊ လျော့ကျမှုရှိလာသည် ဆိုသည်ကို လစဉ်အလှည့် ကျ ကွင်းဆင်းဆန်းစစ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ခါကာဘိုရာဇီဥယျာဉ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တောထဲတွင် တိရစ္ဆာန်များ အဝင်အထွက်ရှိသည့် နေရာများတွင် ကင်းစခန်းများချထားပြီး ကင်းစခန်းတစ်ခုတွင် ဝန်ထမ်းငါးဦးမှ ခုနစ်ဦးအထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

သစ်တောသုတေသနဌာနနှင့် နိုင်ငံတကာသုတေသန အဖွဲ့အစည်းများမှ ပညာရှင်များ ပူးပေါင်းပြီး ငှက်၊ နို့တိုက်သတ္တဝါ၊ အပင်၊ အခွံမာပိတုန်းနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများလည်း လုပ်ဆောင်လျက်ရှိသည့်အပြင် ရေခဲ တောင်တွင် တွေ့ရသော ငါးမျိုးစိတ်လေ့လာသည့် သုတေသန လုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း မှတ်တမ်းတင်ပြီး စာအုပ်ထုတ်နိုင်သည့် အဆင့်အထိ မရောက်ရှိသေးပေ။ NGO  အဖွဲ့များဖြင့် ပူးပေါင်းပြီး ကင်မရာထောင်ချောက်ဖြင့် တောင်ဆိတ်၊ ရေခဲတောင်ဆိတ်၊ သားမင်း၊ ပန်ဒါနီ စသည့် နို့တိုက်သတ္တဝါများ၏ ဓာတ်ပုံများကို မှတ်တမ်းတင်နိုင်ပြီ ဖြစ်သည်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၆၃ ဦးရှိသော်လည်း လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်း ၂၃ ဦးနှင့် ဒေသခံကင်းသား နေ့စားလေးဦးအပါအဝင် စုစုပေါင်းဝန်ထမ်း ၂၇ ဦးဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။    ။