မြောင်းမြ  ၁၆   ဖေဖေါ်ဝါရီ    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြောင်းမြ-စကမြား ဆက်သွယ်ရေးလမ်းပေါ်ရှိ သရောဘုန်းချောင်းကူးတံတားကို ကျေးရွာသူရွာသားများ စုပေါင်းအားဖြင့် တည်ဆောက်ပြီးဖြစ်၍ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ချောင်းကူးတံတားမှာ မြောင်းမြ-စကမြား ဆက်သွယ်ရေး မြေသားလမ်းပေါ်ရှိ သရောဘုန်းချောင်းကို  ဒေသထွက်ထီးရိုးဝါး ၊ ဝါးနက်ဝါး များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်ဖြတ်သန်းမောင်းနှင်နိုင်လောက်အောင် ခိုင်ခန့်စွာ တည်ဆောက်ထားကြောင်း သိရသည်။

မြောင်းမြ-စကမြား ကျေးရွာချင်းဆက် မြေသားလမ်းမှာ အရှည် (၆) မိုင် ၊ လမ်းအကျယ် ပေ ၂၄ ရှိပြီး ၂၀၁၄ ခုနှစ်က ကျေးလက်ဦးစီးဌာနက တာဝန်ယူဖေါက်လုပ်ထားခဲ့ပြီး သရောဘုန်းချောင်းကူးတံတားမှာ မြေယာပြသနာ အနည်းငယ်ရှိနေ၍ နိုင်ငံတော်မှ ခွင့်ပြုချက် မရရှိသည့်အတွက် ဒေသခံကျေးရွာပြည်သူများက ကိုယ့်အားကိုယ်ကိုး ဝါးတံတားထိုးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားဖွင့်ပွဲသို့  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မန်းထွန်းကြိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြောင်းမြခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကျေးရွာ(၁၆)ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သရောဘုန်း ကျေးရွာချင်းဆက် တံတားမှာ အရှည်ပေ (၁၂၀)၊ အကျယ် (၁၂)ပေရှိပြီး  ချောင်းတဘက်ကမ်းရှိ ကျေးရွာပေါင်း (၂၅)ရွာခန့်မှ ဒေသခံကျေးရွာပြည်သူများ မြောင်းမြမြို့သို့ အချိန်မရွေးသွားလာနိုင်ကြကာ ကျန်းမာရေး ပညာရေး လူမှုရေးတွင် လွယ်ကူလျင်မြန်အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း တပင်ချောင်းကျေးရွာမှ မန်းအောင်အေးက ပြောကြားသည်။

အောင်မင်း (မြောင်းမြ)