၁၄ စက်တင်ဘာ
မြန်မာနိုင်ငံရှိအိမ်ထောင်စု ၁၀ သန်းခန့်အနက် ၈၀ ရာခိုင်နှုန်းခန့်သည် လောင်စာအတွက် ထင်းနှင့်မီးသွေးကို အသုံးပြုလျက်ရှိပါသည်။ ထင်းနှင့်မီးသွေးအပေါ် ဤသို့အားပြုသုံးစွဲမှုသည် တိုင်းပြည်တွင်းရှိ သစ်တောတို့ကို ပြုန်းတီးစေပါသည်။ ပြုန်းတီးသွားသောသစ်တောတို့ကို ပြန်လည်ပြုစုပျိုးထောင်နိုင်မှသာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုနှင့်အတူ ဂေဟစနစ်မျှတမှုကို ထိန်းညှိဆုပ်ကိုင်ထားနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ နှစ် ၃၀ မြန်မာ့သစ်တောကဏ္ဍပင်မစီမံကိန်း၌ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများအား ဧက ၂ ဒသမ ၂၇ သန်းအထိ တည်ထောင်ရန်လျာထားပါသည်။
သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ပိုင်ခွင့်အား အဖွဲ့ပေါင်း ၃၈၈၄ သို့ ချထားပေးပြီးဖြစ်ပါသည်။ အဖွဲ့ဝင်အရေအတွက်အရ ၁၀၃၉၁၇ ဦးရှိပြီး ဧရိယာအားဖြင့် ၅၂၂၃၇၂ ဧကရှိပါသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်ရှိ ညောင်ရွှေမြို့နယ်ကို ကြည့်မည်ဆိုပါက ဒေသအစုအဖွဲ့ပိုင်သစ်တော ၁၀၄ ရွာရှိပြီး ဧရိယာအားဖြင့် ၃၄၄၂၄ ဒသမ ၅၄ ဧကရှိပါသည်။ သစ်တောပြုန်းတီးမှုကာကွယ်ခြင်းနှင့်အတူ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခြင်းသည် မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် UN REDD Program တို့ကိုလည်း အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ ဒေသအစုအဖွဲ့ပိုင်သစ်တောသုံးခုကိုတင်ပြလိုပါသည်။ ရေပယ်ကျေးရွာ၌ ဒေသအစုအဖွဲ့ပိုင် သစ်တောအဖြစ် ဧက ၆၀ဝ ကို ပြုစုပျိုးထောင်ထားပြီး ဖြစ်ပါသည်။ ဒေသခံပြည်သူတို့၏သစ်ခုတ်ယူမှုကြောင့် ရေပယ်ကျေးရွာဝန်းကျင်ရှိ သစ်တောတို့၏ ပြုန်းတီးမှုသည် ၁၉၉၅ ဝန်းကျင်၌ အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့်အတူ ရွှေ့ပြောင်း တောင်ယာအစား မြေပြန့်ပန်းစိုက်ပျိုးခြင်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။ ယခုအခါ ရေပယ်ကျေးရွာဝန်းကျင်၌ စိမ်းစိုနေသည့် သစ်တောတို့ကို ပြန်လည်မြင်တွေ့နေရပြီ ဖြစ်ပါသည်။
လွယ်ငြိမ့်ကျေးရွာသည်လည်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧက ၆၀ဝ ကို ပြုစုပျိုးထောင်ထားပါသည်။ ဤကဲ့သို့ မပျိုးထောင်မီကာလ၌သစ်တောပြုန်းတီးမှု၏ ဆိုးကျိုးတို့ကို လွယ်ငြိမ့်ကျေးရွာသူကျေးရွာသားများ သိသိသာသာခံစားခဲ့ရပါသည်။ သို့သော် အစုအဖွဲ့ပိုင် သစ်တောပြုစုပျိုးထောင်ခဲ့သည့် ၁၈ နှစ်ကာလအတွင်း ရွာသူရွာသားတို့၏ ထင်းခုတ်ယူမှုကို စနစ်တကျခွင့်ပြုထိန်းချုပ်ခဲ့သောကြောင့် ယခုအခါလွယ်ငြိမ့်ကျေးရွာ ဝန်းကျင်ရှိသစ်တောတို့၌ တောကောင်များပင် ပြန်လည်ရောက်ရှိလာပြီဖြစ်ပါသည်။
လွယ်ခေါ်ကျေးရွာ၌လည်း ကျေးရွာဝန်းကျင်ရှိ သဘာဝသစ်တောတို့ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းပုံစံဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ လွယ်ခေါ်ရွာသူရွာသားတို့အား တစ်နှစ်လျှင် တစ်အိမ်ထောင်တစ်ယောက်နှုန်းဖြင့် သစ်ခုတ်ယူမှု တစ်ကြိမ် ခွင့်ပြုပြီး ခုတ်ယူရရှိသောသစ်တို့ကိုလည်း ရွာသူရွာသားများအကြား စနစ်တကျခွဲဝေပေးပါသည်။ ညောင်ရွှေမြို့နယ်အတွင်းရှိ အဆိုပါဒေသအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းသုံးခု၏ စံနမူနာလုပ်ရပ်တို့သည် တစ်နိုင်ငံလုံးရှိ ကျေးလက်ပြည်သူတို့အတွက် အတုယူအကောင်အထည်ဖော်ရမည့် လုပ်ရပ်များဖြစ်ပါသည်။ နိုင်ငံတော်ကလည်း ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၀ ကိုချမှတ်ပြီးဖြစ်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းတင်ပြအပ်ပါသည်။ မြန်မာ့အလင်း