ကရသူရိ ၆ အောက်တိုဘာ

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ FFI (Fauna & Flora Internation) မှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောထည်ထောင်ခြင်း လုပ်ငန်းဆိုင်ရာ အသေးစားရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာန တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

6

 

အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ    ထိန်းသိမ်းရေးအဖွဲ့ FFI မှ တာဝန်ခံ ဦးရဲနိုင်က တောရိုင်းတိရစ္ဆာန်များနှင့် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်း၊ ရေအားလျှပ်စစ်ထိန်းသိမ်းနိုင်ရေးနှင့် ရှားပါး သတ္တဝါမျိုးများ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးကို လည်းကောင်း၊ ဘဏ္ဍာရေးမှူး ဒေါ်စိန်နီလာမှ စီမံကိန်းလုပ်ဆောင်ချက်များနှင့် ရန်ပုံငွေသုံးစွဲရခြင်းအကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ FFI မှ ရန်ပုံငွေစုစုပေါင်း (၄၃)သိန်းကို ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရန်ပုံငွေပေးအပ်ခြင်းသည် ကရသူရိမြို့၊ ကျောက်ကြီးချောင်း(ယုဇန) ဆီအုန်းတွင် သဘာဝအတိုင်း တည်ရှိနေသော သင်္ကန်းတောင်ရေတံခွန် (စိမ်းလန်းမြိုင်−၁)နှင့် အာလူးတောင် ရေတံခွန် (စိမ်းလန်မြိုင်−၂) တို့ကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရန်ုပုံငွေပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)