နေပြည်တော် ၄  နိုဝင်ဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Global Environment Institute (GEI) နှင့် သားငှက်ထိန်း သိမ်းရေးအဖွွဲ့ (Wildlife Conservation Society-WCS) မြန်မာနိုင်ငံအစီအစဉ်တို့ ပူးပေါင်း၍ “ဒေသခံပြည်သူအခြေပြုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများနှင့်မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲ(Community-Based Conservation Practices and Policies International Symposium)” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ ကျင်းပ သည်။

မြန်မာနိုင်ငံရှိ ဒေသခံပြည်သူအခြေပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ဆက်စပ်ပတ်သက်သူများ ၏ နားလည်မှုမြှင့်တင်ရန်၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခြင်းနှင့် ပတ်သက်၍ ဒေသခံအခြေပြုထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာနည်းလမ်းများကို တိုးမြှင့်အကောင် အထည်ဖော်ရန်နှင့် MBF ၏ မြန်မာနိုင်ငံအတွင်း ဒေသခံအခြေပြုထိန်းသိမ်းရေး လုပ်ငန်းများ အပေါ် ပံ့ပိုးနိုင်မှုအခြေအနေတို့အား ရှင်းလင်းတင်ပြရန်နှင့် မြန်မာနိုင်ငံရှိ ဒေသခံအခြေပြု ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းအပေါ်မြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကျင်းပခြင်းဖြစ်သည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် နှင့် GEI ၏ အမှုဆောင်ဒါရိုက်တာ Ms. Jiaman Jin တို့က အဖွင့်အမှာစကား အသီးသီးပြောကြားသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ Indigenous Community ConservedArea (ICCA) စီမံကိန်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံရှိထိန်းသိမ်းရေး စီမံကိန်းများအကြောင်း၊ ဒေသခံအစုအဖွဲ့သဘာဝ ထိန်းသိမ်းရေးနယ်မြေများနှင့် ဒေသခံပြည်သူများပါဝင်မှုဖြင့် တောရိုင်းတိရစ္ဆာန်များနှင့်ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုအခြေအနေ တို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

သန့်ဇော်