၂၃ ဧပြီ

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မြို့နယ်တပ်မတော်(ဝါ)စိုက်ပျိုးရေးတပ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဧပြီ ၂၂ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ပေတောကျောင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ပိုးသတ်ဆေးများ စုပေါင်းပက်ဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျေးရွာတွင်း လူသွားလူလာများသော ကျေးရွာအဝင်လမ်းမကြီးနှင့် ရွာတွင်းလမ်းသွယ်များ ၊ လမ်းဘေးအနီး နေအိမ်ခြံဝန်း တံခါးများ ၊ ကျေးရွာစာသင်ကျောင်း အဝင်အထွက်လမ်းများနှင့် ကျောင်းဝန်းအတွင်းရှိ ရေလောင်းအိမ်သာများ ၊ ကျေးရွာရှိ မိဘမဲ့ကလေးများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဝင်အထွက်လမ်းများ ၊ ကျောင်းအပေါ်ထပ်ကြမ်းပြင်နှင့် စားပွဲ ၊ ထိုင်ခုံများ ၊ လှေခါးလက်ရန်းများ ၊ သံဃာဆွမ်းစားဆောင်နှင့် ကျောင်းသားကျောင်းသူ တည်းခိုဆောင်များ ၊ စာသင်ခန်းများ ၊ ရေချိုခန်းနှင့် အိမ်သာများ နေရာအနှံ့ ပြင်းအားကောင်းသော ပိုးသတ်ဆေးများ စုပေါင်းပက်ဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် ( ညောင်ဦး )

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေး ဖျန်း ခြင်းကို ဧပြီ  ၂၂ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

 

မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ မိုးစေတနာ ပရဟိတအသင်း(တိုက်ကြီးရုံးခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဗောဓိကုန်းရပ်ကွက်နှင့် ဈေးရပ်ကွက်အပိုင် ဆေးရုံလမ်း၊ ရန်ကုန်-ပြည်လမ်း၊ တောင်မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း၊ မြို့လယ်လမ်း၊ စုပေါင်းရုံးလမ်း၊ မီးသတ်လမ်း၊ ဘုရား လေးလမ်း၊ မျိုးချစ်လမ်း၊ ပညာ့ဝတီလမ်း၊ မေတ္တာအေးလမ်းနှင့် အောင်သုခလမ်းစသည့် မြို့တွင်း/ပတ်လမ်း များနှင့် လမ်းသွားများပါမကျန်  ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။   စန်းကလျာခိုင်(ပြန်/ဆက်)

 

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး စောဖောရှည်နှင့် ရဲတပ်ဖွဲဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧပြီ ၂၂ ရက် ညနေ ၄ နာရီခွဲက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်း၊ ငွေတိုက်နှင့် နေအိမ်လိုင်းခန်းများ၊ ကယားပိုင်းရပ်ကွက် အတွင်းရှိ မြို့မဗဟိုတောင်တန်းသာသနာပြုကျောင်း၊ တရားရိပ်သာ၊ မဟာသိမ်တော် အဆောက်အဦး နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လှရွှေ(ပြန်/ဆက်)