ညောင်ဦး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စုတည်ကျေးရွာ ဒါန်းတွင်းတဲတိုက်ရှိ ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရ၍ နေပြည်တော်မြို့မှ ဦးဌေးအောင်-ဒေါ်သီတာကျော် မိသားစုက သောက်သုံးရေ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် ဆောက်လုပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ ဒါန်းတွင်းတဲတိုက်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ညောင်ဦးမြို့နယ် စုတည်ကျေးရွာ ဒါန်းတွင်းတဲတိုက်ဟာ အိမ်ခြေ ၅၀ ကျော်၊ လူဦးရေ ၂၅၀ ခန့် နေထိုင်ကြပါတယ်။ ဒေသခံကျေးလက်နေပြည်သူတွေဟာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် ပွင့်လင်းရာသီကာလများတွင် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် တဲတိုက်မှာရှိတဲ့ ဒေသခံပြည်သူတွေ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေလှောင်အုတ်ရေကန် တစ်လုံး လှူဒါန်းပေးနိုင်ရေး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာက ပရဟိတလူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးတဲ့ ဦးဝင်းမင်းထွန်းနှင့် ချိတ်ဆက်အကူအညီ တောင်းခံခဲ့တာ ယခုတော့ ကျွန်တော်တို့ ဒါန်းတွင်းတဲတိုက်မှာ ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တစ်လုံး အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေအုတ်ကန် ဆောက်လုပ်လှူဒါန်းတဲ့ အလှူရှင်ကတော့ နေပြည်တော်က ဦးဌေးအောင်-ဒေါ်သီတာကျော် မိသားစုက ငွေအကုန်အကျခံ ဆောက်လုပ်လှူဒါန်း ပေးတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်အောင် ရေအုတ်ကန်လှူဒါန်းပေးတဲ့ အလှူရှင်မိသားစုကိုလည်း ကျေးဇူးတင် ပါတယ်ဗျ၊ ရေအုတ်ကန်အလှူရှင်ရအောင် ကူညီပေးတဲ့ မြင်းကပါကျေးရွာက ဦးဝင်းမင်းထွန်းကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညောင်ဦးမြို့နယ် ဒါန်းတွင်းတဲတိုက်မှ ဦးဇော်မျိုး က ပြောသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်ကျေးရွာများအနေဖြင့် သောက်သုံးရေ အဆင်ပြေစေရေးအတွက် သောက်သုံးရေ လာရောက်လှူဒါန်းပေးစေလိုပါက လည်းကောင်း၊ ရေလှောင်အုတ်ရေကန် လိုအပ်ပါက လည်းကောင်း ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ပရဟိတလူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူ ဦးဝင်းမင်းထွန်း ဖုန်း၊ ၀၉-၄၂၀၃၈၀၇၇၀ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


