ဝါးခယ်မ   ၁၂   မေ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူလယ်သမားများအား ၂၀၂၀ ပြည့်နှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၅ ရက်နေ့မှစ၍ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

"မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို အရင်နှစ်က အတိုင်းပဲ တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းနဲ့ ထုတ်ချေးမှာပါ။ ချေးငွေဟောင်း ပေးဆပ်ပြီးသူများကိုသာ ချေးငွေသစ် ထုတ်ချေးမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေအနေနဲ့ အတိုးနှုန်း သက်သာစေဖို့ ယခင်နှစ်က ရှစ် ရာခိုင်နှုန်းအစား အခုနှစ် ချေးငွေကစပြီး ငါး ရာခိုင်နှုန်းပဲ သတ်မှတ်ထားပါတယ်။ ချေးငွေထုတ်ချေးဖို့ကို ကျေးရွာ အုပ်စုများ အလိုက် သတ်မှတ်ပြီး ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနဲ့ အညီ ဆောင်ရွက်သွားမှာပါ။ ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နေတဲ့ ကာလဖြစ်တဲ့အတွက် ချေးငွေပေးဆပ်သူ တောင်သူများ အဆင်ပြေစေဖို့ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်မှုကိုလည်း မေလကုန်အထိ တိုးမြှင့်လက်ခံပြီးတော့ ဒဏ်တိုးကောက်ခံခြင်းမှလဲ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ပါတယ်" ဟု မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝါးခယ်မဘဏ်ခွဲမှ မန်နေဂျာ ဦးရည်မွန်က ပြောသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)