ပွင့်ဖြူ ၊   ၆   ဇန်နဝါရီ     

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေး နိုင်ရေး အတွက်      ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်၊ ခရိုင်နှင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတစ်လျှောက် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးက ပြုပြင်ဆောင်ရွက်နေသည့် ရေလက်တံမြောင်းများ အချိန်မီပြီးစီးရေးနှင့် ရေရှည်အကျိုးပြု နိုင်ရေးအတွက် လုပ်ငန်းအရည်အသွေးပြည့်မီရေး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့သည်။

 

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ရေလက်တံမြောင်းများ ပြုပြင်ခြင်း လုပ်ငန်း(၇၀)ကျော်အား အကောင်အထည်ဖော်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ပြန်/ဆက် )