ပွင့်ဖြူ       ၁၇  အောက်တိုဘာ    

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသော မိုးစပါးစိုက်ခင်းများ သီးနှံအောင်ရေ အပြည့်အဝ ရရှိစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၆ နာရီက  ပွင့်ဖြူမြို့နယ်အတွင်း  စိုက်ပျိုးရေဖြန့်ဝေသည့် တောင်မုန်းလက်တံ မြောင်း(၁၁) ရေပေးမြောင်း တစ်လျှောက် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များနှင့်  မြောင်းဘေး(ဝဲ ၊ ယာ)ရှိ ခြုံနွယ် ပိတ်ပေါင်း ရှင်းလင်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနရုံးမှ သိရသည်။

 

1

 

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား နွေစပါး ၊ မိုးစပါး ၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့မှတစ်ဆင့် ရေလက်တံမြောင်းများအား စိုက်ပျိုးရေများ ဖြန့်ဝေပေး လျက်ရှိသည့်အပြင် မင်းဘူး(စကု)မြို့နယ် အိုင်းမရေလွှဲဆည်နှင့် စလင်းမြို့နယ် လင်းဇင်း ရေလွှဲဆည်တို့မှလည်း စိုက်ပျိုးရေ ဖြန့်ဝေ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအချိန်သည် မြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးသီးနှံစိုက်ပျိုးရာသီဖြစ်သည့်အတွက် သီးနှံအောင်ရေ အပြည့်အဝရရှိရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆည်ရေပေးဝေရေးလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းမှ ဦးဆောင်၍ ဆည်ရေလုပ်သားများအဖွဲ့က တောင်သူများ မိုးစပါးသီးနှံအောင်ရေ အပြည့်အဝရရှိရေးအတွက် တောင်မုန်းလက်တံမြောင်း (၁၁) ရေပေးမြောင်းတစ်လျှောက်  ရေမြောင်းအတွင်း ပိတ်ဆို့နေသည့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း ၊ ရေမြောင်း တာဘောင် ဘေး(ဝဲ ၊ ယာ)ရှိ ခြုံနွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တောင်သူအကျိုးပြု ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ထံမှ သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )