နေပြည်တော်၊ ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ တောင်သူများ၏ ဝါစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံ၊ တောင်သူဝင်ငွေနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရေးဆိုင်ရာများကို ခင်မင်ရင်းနှီးစွာ မေးမြန်းဆွေးနွေးသည်။
ယင်းနောက် တောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ဝါတစ်ဧကချင်း အထွက်တိုးတက်ရေးအတွက် အပင်စေ့ ကွင်းပြည့်စိုက်ပျိုးရန်နှင့် မျိုးရွေးချယ်အသုံးပြုမှုမှန်ကန်ရန် လိုအပ်ချက်များ၊ ပြည်တွင်းချည်ထည်ထုတ်လုပ်မှုအတွက် အရည်အသွေးကောင်းဝါဂွမ်း လိုအပ်ချက်နှင့် ဈေးကွက် အလားအလာများ၊ ဂွမ်းမွေးအရည်အသွေးကို အခြေခံသည့် ဈေးကွက်ဖော်ဆောင်နိုင်ရေးအတွက် ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်ပိုင်ရှင်များ၊ အဝယ်တော်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာ တောင်သူ ဦးအောင်ကိုမင်း၏ မြေပဲသီးနှံခင်းကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်ရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဖြည့်စွက်ရေလိုအပ်ချက် အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနခြံ၌ သုတေသီများ၊ စိုက်ပျိုးရေးပညာရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းကို ဒေသအလိုက် အထူးဇုန်များ သတ်မှတ်ဆောင်ရွက်နေမှု၊ လုပ်ငန်းတိုင်းအတွက် သုတေသန၏ အရေးပါမှုနှင့် ဒေသသုတေသနခြံ(မကွေး) အနေဖြင့် မကွေးတိုင်းဒေသကြီးတွင် ဆီထွက်ပဲပုပ်သီးနှံ ဖြစ်ထွန်းနိုင်မှု အလားအလာအား သုတေသန ပြုဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရှေးယခင်က ဒေသတွင်ဖြစ်ထွန်းအောင်မြင်ခဲ့သည့် နှမ်းကြီးမျိုးကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ်မှ ရယူမျိုးပွားရန်၊ သုတေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


