mdn

ချောင်းဆုံ ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်းမှ စတင်၍ နွားအရောင်းအဝယ်များ ရပ်တန့်နေပြီး ယခုချိန်တွင် နွားအများစုမှာ အရေပြားအကြိတ်ရောင် ရောဂါဖြစ်ပွားနေ၍ အခြားဒေသမှ ဝယ်သူများ မရှိခြင်းတို့ကြောင့် နွားဈေးနှုန်းကျဆင်းနေရကြောင်း ဒေသခံ အိမ်တွင်းတစ်ပိုင်တစ်နိုင် နွားမွေးသူများထံမှ သိရသည်။

“ယခုတစ်လောမှာတော့ နွားတွေမှာ အရင်က မဖြင့်ဘူးတဲ့ ရောဂါတွေဖြစ်နေတယ်၊ တစ်ချို့ဆို တိရစ္ဆာန်ဆရာဝန်တွေနဲ့ ဆေးထိုးတာတွေတော့ရှိပြီး နွားတွေသေဆုံးတာတွေလဲ ရှိနေတော့ ဘယ်သူမှ နွားဝယ်သူတွေ မရှိကြဘူးလေ၊ ရောင်းမယ်ဆိုရင်တောင် ဈေးတန်းက အရင်လောက်မရတော့ဘူး။ ဈေးက ထက်ဝက်လောက်ကျတာတွေ နဲ့ရင်ဆိုင်နေရတာပါ" ဟု နွားမွေးမြူသူ ဦးတင်အေးထံမှ သိရသည်။    

"နွားတွေမှာက အရင် တစ်လ နှစ်လ လောက်ကစပြီးတော့ အရေပြားအကြိတ်ရောင်ရောဂါလို့ ပြောရမှာပေါ့။ ကျေးရွာတွေမှာ တော်တော်များများ ဖြစ်နေတာတွေ့ရတယ်။ ကာကွယ်ဆေးတော့ မရှိဘူး၊ ရောဂါအစ ဖြစ်နေတဲ့အချိန်မှာတော့ ပိုးသတ်ဆေးတွေထိုးပြီး ကာကွယ်လို့တော့ရပါတယ်"ဟု မြို့နယ် မွေး/ကု ဌာနမှ မြို့နယ်ဦးစီမှူးဒေါက်တာနွဲ့နွဲ့ရီက ပြောသည်။    

အဆိုပါရောဂါများဖြစ်ခြင်းကြောင့် နွားအရောင်းအဝယ်ထိုင်းနေခြင်း၊ ကိုဗစ်ကာလအတွင်း ပွဲလမ်းသဘင်များ မရှိခြင်းတို့ကြောင့် နွားအရောင်းအဝယ် မရှိခြင်းဖြစ်ကြောင်း၊ ယခင်ကာလ မျိုးကောင်း မျိုးသန့် နွားပေါက်ဈေးမှာ တစ်ကောင်လျှင် ငွေကျပ်သိန်း(၂၀)မှ သိန်း(၁၀၀)ကျော်ထိ ရှိကြောင်း၊ ယခုအခါ ဒေသပေါက်ဈေး နွားမျိုးသန့် ဈေး(၃၀)တန်းမှာ (၁၅)သိန်းလောက်သာရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)