ကျောင်းကုန်း၊  ၁၆ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဇီးငူအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကင်ပွန်းခြုံတံတား တည်ဆောက်ရာနေရာသို့ ဒီဇင်ဘာ  ၁၆  ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်ဒေသဖွံ့ဖြိုးရေးကော်မတီဝင်များ သွားရောက်ကြည့်ရှုခဲ့သည်။

ကင်းပွန်းခြုံတံတားသည် တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်ထားကြောင်း၊ အလျား ပေ (၄၀)၊ အကျယ် (၁၂)ပေရှိပြီး ကမ်းကပ်ခုံ၊ သံပေါင် ရက်မ တံတားကြမ်းခင်း ပြုပြင်ခြင်း လုပ်ငန်းအား ခွင့်ပြုငွေကျပ် ၅၀ ဒသမ ၈ သန်းဖြင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ယူကာ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်မှ ဇီးငူအုပ်စု၊ ကျုံပျော်မြို့နယ်မှ မိချောင်းအိုင်အုပ်စု၊ မကျည်းကုန်းအုပ်စု၊ သရက်ချိုအုပ်စုနှင့်အင်းရဲအုပ်စု စသည့် ကျေးရွာအုပ်စု(၅)အုပ်စုမှ ဒေသခံပြည်သူများ ကုန်ထုတ်လမ်း အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံ ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါ ကင်ပွန်းခြုံတံတား တည်ဆောက်ရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့မိမြို့ဖ ဦးဝင်းဝင်းထွန်း၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော်၊ မြို့နယ်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝင်းနှင့် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆုသီရိမွန်တို့ လိုက်ပါ ခဲ့ကြပြီး နိုဝင်ဘာ ၁၅ ရက်က ပန္နက်တင်မင်္ဂလာ ပြုလုပ်တည်ဆောက်ခဲ့ရာ တစ်လအတွင်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)