ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်  “ ပြည်ပပို့ကုန်တိုးမြှင့်ရေး” သည် အရေးပါသည့်  အချက်တစ်ရပ်ဖြစ်သည်။ စီးပွားရေးမြှင့်တင်ရာတွင် 3Ms ဟု ဆိုကြသည့်  ပြည်တွင်းရှိ  ရုပ်ဝတ္ထု (Material)၊ ငွေကြေး(Money)၊ လူ (Man)  အင်အား  အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်မည့် နည်းလမ်းများကို ရှာဖွေကြရမည် ဖြစ်သကဲ့သို့ လိုအပ်သည့်အရင်းအနှီးများ  စုဆောင်းရရှိနိုင်စေ ရန် ပြည်ပပို့ကုန်တိုးမြှင့်ရန်လည်း လိုအပ်သည်။ မိမိတို့နိုင်ငံတွင် အစဉ်အလာအားဖြင့် ပြည်တွင်းမှ စိုက်ပျိုးမွေးမြူထုတ်ကုန် ကုန်ကြမ်းများနှင့် သယံဇာတ ကုန်ကြမ်းများကိုသာ  ပို့ကုန်အဖြစ် ပြည်ပသို့တင်ပို့ခဲ့ရာမှ  အဆင့်မြင့်ကုန်ချောနှင့် ကုန်ချောတို့အဖြစ် ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက်  အကျိုးကျေးဇူးကြီးမားစွာ ဖြစ်ထွန်းလာနိုင်မည်ဖြစ်သည်။

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့်အလျောက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှ ကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေး၊အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်နိုင်ငံတော် ကတွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားရာတွင် “စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုဟူ၍ ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာမှသာလျှင် စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှု မရှိပါက ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှုကို ခိုင်မာအောင် ဆောင်ရွက်ထား နိုင်မှသာလျှင် ကုန်ချောထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ် ရှိမည်ဖြစ်ပြီးဈေးကွက်ခိုင်မာမည်ဖြစ်ကြောင်း”ထည့်သွင်း ပြောကြားခဲ့သည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များတွင် ကုန်ကြမ်းနှင့် ကုန်ချောတို့၏တန်ဖိုးမှာ အဆပေါင်းရာနှင့်ချီ၍ ကွာခြားသည်။ ထို့အပြင် ကုန်ကြမ်းတို့၏ သဘာဝအရ ရေရှည်အထားမခံသည့် အလျောက် ဝယ်သူ့ဈေးကွက်တွင် မျက်နှာငယ်ရသည်။ အနှိမ်ခံရသည်။ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ထူထောင်နိုင်သည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအကြား အပြန်အလှန် အမှီသဟဲပြုကာ အတူတကွ ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။ ပြည်ပပို့ကုန် တိုးမြှင့်ရာတွင် အဆင့်မြင့် ကုန်ချောများနှင့် ကုန်ချောများကို တင်ပို့ခြင်းက ကုန်ကြမ်းတင်ပို့ခြင်းထက် အဆပေါင်းများစွာ တန်ဖိုးမြင့်မားလာမည်ဖြစ်သကဲ့သို့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်သည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာရေးအတွက် နိုင်ငံတော် အကြီးအကဲနှင့်တကွ ပြည်ထောင်စုဝန်ကြီးများပါ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိရာ ဒေသတွင်းရှိ ကုန်ထုတ်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်ရေး စိတ်ဓာတ်ထက်သန်ခြင်း၊ နည်းလမ်းကိုလည်း သိရှိခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်း၊ လက်တွေ့ကျကျ ဆောင်ရွက်လိုခြင်း စသည့်ဖြည့်ဆည်းမှုများဖြင့် မိမိနှင့်တကွ ဒေသအကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားအတွက် အားထုတ်ကြိုးပမ်းနိုင်ကြပါစေကြောင်း။

 

ကြေးမုံ