နေပြည်တော်၊ နိုဝင်ဘာ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

MSME လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းနှင့် မြိတ်ခရိုင်အတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြိတ်ခရိုင် ရာဘာလုပ်ငန်းရှင် ဦးထွန်းထွန်းဝင်း၊ မြိတ်ခရိုင် ရေလုပ်ငန်းနှင့် ပုဇွန်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးလှသန်း၊ မြိတ်ခရိုင် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးအောင်၊ မြိတ်ခရိုင် ငှက်သိုက်လုပ်ငန်းရှင် ဦးခွန်ပိုင်မျိုး၊ မြိတ်ခရိုင် ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးထွေးဝေနှင့် တက်ရောက် လာကြသူများက ရော်ဘာထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့မှု ပိုမိုလွယ်ကူ လျင်မြန်စေရေး ဆောင်ရွက်ပေးစေလိုမှု၊ မြိတ်ခရိုင်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်း ကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိမှုနှင့် ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဂျင်းခရု မွေးမြူရေးလုပ်ငန်းများ မြိတ်ခရိုင်အတွင်း အောင်မြင်လျက်ရှိပြီး လုပ်ငန်းရှင်များ ပိုမိုတိုးတက်လာမှုနှင့် လိုအပ်သည့်နည်းပညာနှင့် အရင်းအနှီးများ ရရှိရေး ဆောင်ရွက်ပေးစေလိုမှု၊ ဒေသတွင်း ပုလဲမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် မုတ်ခွံကို ဒေသတွင်း၌ပင် အချောထည်ပြုလုပ်ပြီး ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရေး မုတ်ခွံအချောထည် စက်ရုံတစ်ခု လည်ပတ်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦးတို့က ဝန်ကြီးဌာန အလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အကူအညီပေးလျက်ရှိမှု၊ MSME လုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက သတ်မှတ်ထားသည့် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ချေးငွေများရယူနိုင်မှု၊ နိုင်ငံတော်မှ လုပ်ငန်းများ အောင်မြင်စေရေးအတွက် လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းအလိုက် ဆောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုအပ်မှုနှင့် ချေးငွေများကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ပေးဆပ်သွားရန် လိုအပ်မှု၊ နိုင်ငံတော်မှချေးငွေများကို အကြောင်းအရာ အသီးသီးအလိုက် ကာလအပိုင်းအခြားအလိုက် အတိုးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါချေးငွေများ ပြန်လည်ရရှိမှသာလျင် နိုင်ငံတော်၏ လည်ပတ်သုံးစွဲငွေများ ပြန်လည်ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ချေးငွေများကို သတ်မှတ်ကာလအလိုက် အချိန်မီ ပြန်လည်ပေးဆပ်ရန် လိုအပ်မှု၊ မြိတ်ခရိုင်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစွာ ဆောင်ရွက်လျက်ပြီး ထပ်မံလာရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရှိမှု၊  ကျေးလက်ဒေသရှိ ပြည်သူလူထုများ ဝင်ငွေရရှိရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ လိုအပ်သည့် နည်းပညာနှင့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ဒုတိယအများဆုံးဖြစ်သည်ကို တွေ့ရှိရပြီး ငါးသယံဇာတအတွက် အလွန်အရေးကြီးသည့် ဒီရေတောများကိုလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ဒေသတွင်းငါးပုစွန်မွေးမြူရေးလုပ်ငန်း၊ ကြိမ်လုပ်ငန်း၊ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်လျက်ရှိသည်ကို တွေ့ရှိရပြီး ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိမှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပြောကြားကြသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများ၏ ပုစွန်သားဖောက်ခြင်း၊ အစာစပ်ခြင်းအတွက် နည်းပညာများ ရရှိရေးနှင့် ပုစွန်ထွက်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး အားပေးဆောင်ရွက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဆွေးနွေးပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် ကာလများအတွင်း နိုင်ငံတိုင်း၌ ကိုယ်စီအခက်အခဲများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်မူ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများသာမက နိုင်ငံရေးအခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရပြီး စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထိုအချိန်တွင် နိုင်ငံ၏စီးပွားရေး ပျက်ယွင်းစေရန် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ၊ ငွေကြေးလည်ပတ် သုံးစွဲမှုများကို ထိခိုက်စေရန် ဘဏ်စနစ်ပြိုလဲအောင် ဆောင်ရွက်မှုများ၊ စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှုများ ရှိခဲ့ပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ အကြပ်အတည်းများစွာကြားမှ နိုင်ငံကို အဘက်ဘက်မှ တိုးတက်အောင် ဆောင်ရွက်ခဲ့ရကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုကာလ အကြပ်အတည်းကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ လက်တွဲညီညီပူးပေါင်း၍ အောင်မြင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းဆောင်ရွက်ခဲ့မှုကြောင့်သာ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအရထိခိုက်ခဲ့ရမှုများကို ကုစားနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် မိမိတို့နိုင်ငံနှင့် ကိုက်ညီမှုရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အောင်မြင်မှု ရှိစေရေးနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များနှင့် လှည့်လည် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့ချိန်တွင် စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ပတ်သက်၍လည်း အခက်အခဲများကြားမှ ဆောင်ရွက်နေရလျက်ရှိပြီး နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ထိခိုက်မှုပင်ဖြစ်ကြောင်း၊ ယခင်အစိုးရများလက်ထက်တွင် ပြည်ပမှ ထောက်ပံ့ငွေနှင့် ချေးငွေများရရှိခဲ့သော်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပမှ ထောက်ပံ့ ငွေနှင့် ချေးငွေများ ရရှိခြင်းမရှိကြောင်း၊ ထိုသို့သော အခက်အခဲများကြားမှ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် နိုင်ငံစီးပွားရေးမှာ တိုးတက်သင့်သလောက် တိုးတက်လာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍ ပြည်တွင်းစီးပွား မြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ ထောက်ပံ့ကူညီမှုများကိုသာ မှီခိုအားထားခဲ့သည့် နိုင်ငံများအနေဖြင့် စီးပွားရေး အခက်အခဲများဖြစ်ပေါ် လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မိမိတို့နိုင်ငံအတွက် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ယခုထက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများသည် ပြည်တွင်း စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ကြောင်း၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများကို အဆင့်မီစွာ ဆောင်ရွက်ခြင်းဖြင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း။

 အောင်မြင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ရန်အတွက် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်ရန်နှင့် ထုပ်ပိုးမှုများ အဆင့်မီအောင် ဆောင်ရွက်၍ သုံးစွဲသူများ စိတ်ပါဝင်စားမှုရှိလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်မှသာ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားကဏ္ဍများပါဝင်ပြီး ထုတ်လုပ်မှုရှိမှသာ ရောင်းဝယ်မှုရှိမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိနိုင်မှသာလည်း ခိုင်မာသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အချို့နေရာများတွင် ကုန်ကြမ်းပစ္စည်းများ ရှားပါးမှု၊ ပြည်ပနိုင်ငံများမှ တင်သွင်းရန် ခက်ခဲမှုများကို တင်ပြကြကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းနှင့် နိုင်ငံတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ခိုင်မာသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့် ရရှိရန်၊ မြေဩဇာရရှိရန်၊ အောင်ရေများရရှိရန်နှင့် စိုက်နည်းစနစ် မှန်ကန်ရန်လိုအပ်ပြီး စနစ်တကျဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ ဒေသအတွင်း စားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရခြင်းမှ ပြည်တွင်းလိုအပ်ချက်  ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည် အထိ ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ရာဘာထုတ်လုပ်ခြင်းနှင့် ပတ်သက်၍လည်း ရာဘာကိုအခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ MSME လုပ်ငန်းများတွင် ရာဘာ နှင့်ပတ်သက်၍ လူသုံးပစ္စည်းထုတ်လုပ်မှုများ များစွာဆောင်ရွက်နိုင်ကြောင်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများကို စနစ်တကျ မွေးမြူဆောင်ရွက်ခြင်းဖြင့် အသားထွက်ရှိမှုအပြင် ထွက်ရှိလာသည့် သားရေများဖြင့်လည်း သားရေထည် လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ဒေသအတွင်း ဆန်ဖူလုံမှုရှိစေရေး စပါးအထွက်နှုန်းများ တိုးတက်မှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခြင်းများ မပြုလုပ်စေလိုကြောင်း၊ ဒေသတွင်း စားရေးဖူလုံမှုရှိပါက အခြားဒေသမှ ဝယ်ယူစားသုံးရခြင်း မပြုရသည့်အတွက် ဒေသတွင်း ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရှိပြီးသား စိုက်ပျိုးမြေများကို အကျိုးရှိစွာဖြင့် စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းကို အားပေးကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ ထွက်ရှိလာသည့် ဇီဝမြေဩဇာများကို အကျိုးရှိစွာ အသုံးချရန် လိုကြောင်း။ 

 

mdn

 

မြိတ်ဒေသတွင် မြစ်ချောင်းများပေါများခြင်းကြောင့် ဘဲမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်၍ တန်ဖိုးမြှင့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဝက် နှင့် နွားမွေးမြူရေး လုပ်ငန်းများကိုလည်း စနစ်တကျမွေးမြူ၍ အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် MSME ကုန်ထုတ်လုပ်များကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေး ထွက်ကုန်များ ပေါများလာမည်ဆိုပါက စားသောက်ကုန်များ ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ခွင့်ပြုထားပြီး ဖြစ်သော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ နှောင့်ယှက်မှုများကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းများကြောင့် ပြည်သူများအတွက် ထိခိုက်နစ်နာမှုရှိကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ အရေးကြီးပြီး မြိတ်ဒေသတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ ရနိုင်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း။ 

လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကိုလည်း နိုင်ငံတော်မှ အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ကိုယ်တိုင်လည်း တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံ၍ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေ များနှင့် Non Trade များမှရရှိသည့် နိုင်ငံခြားငွေများဖြင့် အဓိကဖြည့်ဆည်း သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ ကျဆင်းနေသည့် စီးပွားရေးပြန်လည် မြှင့်တင်ရေးအတွက် ကြိုပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့တင်ပို့ ရောင်းချနိုင်ရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများလည်း လိုအပ်ကြောင်း၊ Skill Labour များရရှိရန်အတွက် ပညာရည်မြင့်မားသူများ လိုအပ်သဖြင့် မြိတ်ဒေသတွင်လည်း ပညာရေးကိုအားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးသည် သစ်တောဖုံးလွှမ်းမှုများပြားပြီး ငါးသယံဇာတအတွက် အရေးကြီးသည့် ဒီရေတော ဖုံးလွှမ်းမှုတွင်လည်း ကမ္ဘာ့အဆင့် ၃ နေရာတွင်ရှိကာ ရေသယံဇာတများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ငါးပုစွန် မွေးမြူရေး လုပ်ငန်းများကြောင့် ဒီရေတောများကို ထိခိုက်မှုမရှိအောင်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းရှိပြီးဖြစ်သည့် အခြေခံကောင်း များကို အကျိုးရှိစွာ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြမည်ဆိုပါက လာမည့်နှစ်များအတွင်း မြိတ်ဒေသသည် များစွာတိုးတက်ပြောင်းလဲလာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်မှုမှသည် တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက်သည်အထိ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ရေလုပ်ငန်းထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn


 

mdn