နေပြည်တော်၊ အောက်တိုဘာ  ၁၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးအောင်နိုင်ဦးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် နည်းပညာ ထောက်ပံ့ပေးထားမှု၊ ဒေသတွင်း အောင်မြင်ပြီး အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ကရင်ပြည်နယ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်ဌေး၊ ပြည်နယ်စိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစောစေးထူး၊ ပြည်နယ်မွေးမြူရေးလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတို့မှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ ကူညီပေးနေမှုများအပေါ် ကျေးဇူးတင်ရှိမှု၊ ဒေသတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် လိုအပ်မှု၊ မျိုးကောင်းမျိုးသန့်များ လိုအပ်မှုနှင့် လုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် မြေလိုအပ်ချက်ရှိမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ရာဘာစိုက်တောင်သူများအတွက် ဓာတ်မြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိလိုမှု၊ စိုက်ပျိုးရေးချေးငွေများ ရရှိလိုမှုနှင့် ရော်ဘာနှင့် ပတ်သက်၍ အဆင့်မြင့် နည်းပညာသုံးစက်ရုံများလိုအပ်မှု၊ ဒေသမှထွက်ရှိသည့် ပြောင်းများကို ပြည်ပသို့ လွယ်ကူစွာ တင်ပို့နိုင်ရေး သတ်မှတ်ချက်များအား ဖြေလျှော့ပေးစေလိုမှု၊ ကုန်စည်စီးဆင်းမှုများ ပိုမိုလွယ်ကူ အဆင်ပြေစေရေးအတွက် ဘားအံမြို့တွင် ကုန်စည် ဒိုင်၊ ပွဲရုံ၊ ကားကြီးကွင်း တို့ကို ဆောင်ရွက်ပေးစေလိုမှု၊ ရေကြီးရေလျှံမှုများ မရှိစေရေးအတွက် သံလွင်မြစ်ကမ်းနံဘေးရှိ ပိတ်ဆို့နေသည့် တူးမြောင်းများကို ပြန်လည်တူးဖော်ပေးစေလိုမှု စသည်တို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

 

ထို့နောက် လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးထိခိုက်ခဲ့မှု ဖြစ်စဉ်များအပေါ် လုပ်ငန်းရှင်များအနေဖြင့် သင်ခန်းစာယူ ဆောင်ရွက်ကြရန်လိုအပ်မှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက်များ များစွာဖြေလျှော့ပေးထားမှု၊  စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည် ဖြစ်သော်လည်း တရားမဝင်ကုန်သွယ်မှုများ ရှိနေသေးသည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို ဝိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်မှု၊  ကရင်ပြည်နယ်သည် ကော်ဖီသီးနှံကို အဓိကသီးနှံအဖြစ် စိုက်ပျိုးပြီး ပြည်ပသို့ တင်ပို့နိုင်မည့် အခြေအနေကောင်းကို ပိုင်ဆိုင်ထားရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လိုအပ်သည့် နည်းပညာနှင့် အခြားအခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိမှု၊ ဒေသထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ပြည်ပသို့ တင်ပို့ခြင်းထက် ဝင်ငွေပိုမိုရရှိနိုင်မည့် တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး စက်ကိရိယာများနှင့် နည်းပညာများကို ဖြည့်ဆည်းပေးလျက် ရှိမှု၊ ကျေးရွာနေပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများ အစုအဖွဲ့များဖွဲ့၍ လိုအပ်သည်များကို ကူညီပံ့ပိုး ပေးလျက်ရှိမှုနှင့် စိုက်ပျိုး မွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်မှ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက် ၍ ပြန်လည်ဆွေးနွေးပြောကြားသည်။

 

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်ပြီး ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမူဝါဒသည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမှ ချုပ်ကိုင်သောစနစ် မဟုတ်သကဲ့သို့ စီမံကိန်းစီးပွားရေးစနစ် မဟုတ်သောကြောင့် အစိုးရအနေဖြင့် မူဝါဒပိုင်းကို ကြပ်မတ် ထိန်းကြောင်းပေးခြင်းဖြစ်သဖြင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက်ကိုမူ လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံ့စီးပွားရေးမပြိုလဲရန်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား မထိခိုက်စေရန် ဝင်ရောက်ထိန်းကြောင်းမှုများကို လုပ်ဆောင်ပေးရကြောင်း။

 

ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်

 

စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုဟူ၍ ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အားကောင်းလာမှသာလျင် စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိပါက ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှုကို ခိုင်မာအောင် ဆောင်ရွက်ထားနိုင်မှသာလျင် ကုန်ချောထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ် ရှိမည်ဖြစ်ပြီး ဈေးကွက်ခိုင်မာမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့် မြေပေါ်မြေအောက်သယံဇာတ ကုန်ကြမ်းပစ္စည်းများ ကြွယ်ဝပြီးဖြစ်ကြောင်း၊ တွင်းထွက်ပစ္စည်းများမှ ထုတ်ကုန်များ ထုတ်လုပ်၍ရပြီး ကရင်ပြည်နယ်အတွင်း ထုံးကျောက်ပေါများစွာ ထွက်ရှိသဖြင့် ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။

 

ဆန်ဖူလုံမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ စပါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း မဖြစ်မနေဆောင်ရွက်သင့်ပြီး ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် တစ်ဧကချင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်ကို လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများကို စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးနိုင်သည့် ခေတ်မီစိုက်ပျိုးမြေ ဧကကွက်၊ ဟတ်တာကွက်များအဖြစ် ပြုပြင်ဖော်ဆောင်ရန်လိုကြောင်း၊ မျိုးအရေအတွက်မျိုးစုံကို အများအပြားစိုက်ပျိုးခြင်းထက် ဒေသတွင်း မျိုးကောင်းစပါးမျိုးများကို များများစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် စိုက်နည်းစနစ်များ ကောင်းမွန်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးရေနှင့် အောင်ရေများလည်း လုံလောက်စွာ ရရှိရန်လိုကြောင်း၊ စိုက်ပျိုးတောင်သူများ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ ရရှိစေရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဒေသတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ဇီဝမြေဩဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ သစ်စိမ်းမြေဩဇာနှင့် အီးအမ်ဘိုကာချီ များကိုလည်း သဘာဝမြေဩဇာများအဖြစ် အသုံးပြု၍ရကြောင်း၊ စပါးကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဆန်ကွဲ၊ ဖွဲ များကို အသုံးပြု၍လည်း တိရစ္ဆာန်အစာများ ထုတ်လုပ်၍ရနိုင်ကြောင်း၊ ကရင်ပြည်နယ်အတွင်း အရည်အသွေး ကောင်းမွန်သည့် ဆန်စက်ရှိရန် လိုအပ်နေသည်ကို တွေ့ရှိရပြီး တန်ဖိုးမြင့်ဆန်ထုတ်ကုန်များ ရရှိစေရေးအတွက် ဒေသတွင်း အရည်အသွေးကောင်းမွန်သည့် ဆန်စက်များရှိရန် လိုကြောင်း၊ ဆန်မှ အခြားစားသောက်ကုန်များစွာကိုလည်း ထုတ်လုပ်၍ရသဖြင့် နည်းပညာ ရယူ၍ ဆန်နှင့်ပတ်သက်သည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသတွင်းမှ ထွက်ရှိလာသည့် ပြောင်းထွက်ကုန်များကိုလည်း ကုန်ကြမ်းအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး တင်ပို့မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး စက်မှုလုပ်ငန်းများအတွက် အခြေခံကောင်းများ ရှိပြီးဖြစ်သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အုန်းစိုက်ပျိုးမှုများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍လည်း အုန်းထွက်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ကြောင်း။

 

ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ်အတွင်း စိုက်ပျိုးဧက ၂ သိန်း ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ ရာဘာကိုအခြေခံသည့် ကုန်ချောပစ္စည်းများကို ဒေသတွင်းထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် တိရစ္ဆာန်သားရေများကိုလည်း အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ကရင်ပြည်နယ်အတွင်း ရာဘာနှင့် တိရစ္ဆာန်သားရေများကို အသုံးပြု၍ လူသုံးဖိနပ်အပါအဝင် အခြားတန်ဖိုးမြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာ ထွက်ရှိသည့်အတွက် ဝါးကိုအသုံးပြု၍ ပျော့ဖက်၊ စက္ကူများအပါအဝင် အခြားလူသုံးကုန် ပစ္စည်းများစွာကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ပြီး ဝါးကိုအခြေခံသည့် ထုတ်ကုန်များကို ဆောင်ရွက်နိုင်မည်ဆိုပါကလည်း ဒေသအတွက် များစွာအကျိုးရှိ စေမည်ဖြစ်ကြောင်း။

 

မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဘဲမွေးမြူခြင်းလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ကြကြောင်း၊ ဘဲကိုစနစ်တကျ မွေးမြူမည်ဆိုပါက ဘဲကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ အလားတူ ငါးမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျမွေးမြူကြစေလိုကြောင်း၊ မွေးမြူရေးငါးများကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်း စားသုံးမှု ဖူလုံစေသည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချ၍ရကြောင်း၊ အသားစားနွားနှင့် ဝက်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်သည့် မြေလွတ်မြေရိုင်းများစွာရှိပြီး စနစ်တကျ မွေးမြူမည်ဆိုပါက ကရင်ပြည်နယ်၏ မွေးမြူရေးထုတ်ကုန်တစ်ခုကို ထုတ်လုပ်နိုင်မည်ဖြစ်ကာ ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး လုပ်ငန်းများ များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 

သွင်းအားစုနှင့်ပတ်သက်၍ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ စက်မောင်းဆီများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မောင်းဆီများ ချွေတာနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက သယ်ယူပို့ဆောင်ရေးတွင်သာမက စက်မှုလုပ်ငန်းများလည်း များစွာ တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ ရရှိရေးဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်၍ရကြောင်း၊ အလားတူ‌ဒေသတွင်းရှိပြီးဖြစ်သည့် ရေအရင်းအမြစ်များကို အသုံးချ၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း။

 

ရင်းနှီးမြှုပ်နှံငွေနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်မှ ချေးငွေများထုတ်ပေးခဲ့ပြီး အချို့သော လုပ်ငန်းရှင်များမှာ ပြန်လည်ပေးဆပ်ခြင်း မရှိခဲ့ကြောင်း၊  စိုက်ပျိုးရေးချေးငွေများနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးယူထားသည့် ငွေများကို သတ်မှတ်ကာလများအတွင်း နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း။

 

လူသားအရင်းအမြစ်ပေါကြွယ်ဝရေး အလေးပေးဆောင်ရွက်

 

လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေးအတွက် အရည်အချင်း ပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေး အားနည်းမှုများရှိသဖြင့် ကျွမ်းကျင်လုပ်သားများ နည်းပါးသည်ကို တွေ့ရှိရနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာဆိုင်ရာများနှင့် ပတ်သက်၍ အထက်တန်းကျောင်းများတွင် သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဘားအံမြို့၌ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံတို့ကိုလည်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊  ပညာတတ်များ ပေါကြွယ်ဝမှသာလျင် လူသားအရင်း အမြစ်များ ပေါများလာမည်ဖြစ်သဖြင့် ကရင်ပြည်နယ်အတွင်း၌လည်း ပညာတတ်များ ပေါများစေရေး ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့ဒေသအတွင်း လူသားအရင်းအမြစ်များ ပေါများလာစေရေးအတွက်လည်း  ဒေသခံများက ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။

 

အိမ်သာလျင် ဧည့်လာမည်

 

ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် သဘာဝအလှအပများ များစွာရှိသည့် ပြည်နယ် တစ်ခုဖြစ်ပြီး အဆိုပါအခြေခံကောင်းများကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ရကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်သဖြင့် ဒေသအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သာယာလှပသော ပတ်ဝန်းကျင်ကောင်းများရှိစေရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခု ဖြစ်စေရေးကို ဒေသခံများ၊ ဒေသတွင် လာရောက်အမှုထမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်းများ အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအစာများကိုလည်း သန်ရှင်းသပ်ရပ်စွာဖြင့် ဖွယ်ဖွယ်ရာရာပြုလုပ်၍ ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍတိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။

 

လုပ်ငန်းများအားလုံး မိမိတို့၏ လုပ်ငန်းတစ်ခုချင်းစီအလိုက် စည်းကမ်း စနစ်တကျဖြင့် အားထည့်၍ ဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများအောင်မြင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ရှိပြီးဖြစ်သည့် အခြေခံကောင်းများကိုအသုံးချ၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းများတိုးတက်လာပြီး ဒေသခံများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ဒေသသည်လည်း အချိန်တိုအတွင်း တိုးတက် ပြောင်းလဲလာမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစား လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘားအံစက်မှုဇုန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သည့် Precision Auto Engineering Co.,Ltd သို့ ရောက်ရှိကြရာ ကုမ္ပဏီမှ စီမံရေးရာ မန်နေဂျာဖြစ်သူ ဦးမျိုးသီဟ နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရှင်းလင်းဆောင်တွင် Precision Auto Engineering Co.,Ltd အနေဖြင့် မြန်မာနိုင်ငံရှိ ဒေသအားလုံးသို့ Bajaj အမှတ်တံဆိပ် သုံးဘီးမော်တော်ယာဉ်များအား ရောင်းချပေးလျက်ရှိမှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ပရဟိတ လူထုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီအတွင်း သုံးဘီးမော်တော်ယာဉ်များ၊ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်