မိတ္ထီလာ ၂၂ ဇွန်
မိတ္ထီလာမြို့နယ်၌ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အဆင်ပြေစေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၂၉၅ ဒသမ ၂၅၈ သန်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၂၉၅ ဒသမ ၂၅၈ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇန်နဝါရီ ၁၅ ရက်မှစတင်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ခရိုင်ချင်းဆက်လမ်းမှ သံဘိုးကျေးရွာ ဆက်သွယ်သည့်လမ်းကို ဆောင်ရွက်လျက်ရှိပြီး ကျောက်ချောလမ်း အဆင်မြှင့်တင်ခြင်းလုပ်ငန်းကို စက်ပစ်တောင်လမ်း၊ အုတ်နှဲဘုတ်လမ်း၊ ကျိတ်ပုလဲ-ကျောင်းရွာလမ်းနှင့် ခရိုင်ချင်းဆက်လမ်း - လက်ပံ့အိုင့်ကျေးရွာ ဆက်သွယ်သည့်လမ်း စသော ကျေးလက်ကုန်ထုတ်လမ်း ငါးလမ်းကို အဆင့်မြှင့်တင်လျက်ရှိကြောင်း၊ အဆိုလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမှာ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။
အဆိုပါလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


