နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပုပ္ဗသီရိ မြို့နယ်အတွင်း ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက် ကုန် သစ်သီးဝလံများ အား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ် နိုင်ရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏ သီရိ မြို့နယ်ရှိ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလီမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့်စက်ရုံသို့ ရောက်ရှိရာ Managing Director မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့်၊ လုပ်ငန်းလိုအပ်ချက် များကိုတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက စက်ရုံသို့သွင်းလာသည့် သရက်စိုက်တောင်သူ သမဝါယမအသင်းများမှ စိန်တလုံးသရက် သီးအား လက်ခံဆောင်ရွက်သည့်အတွက် စက်ရုံသာမက သမဝါယမအသင်းသား သရက်စိုက် တောင်သူများပါ အကျိုးဖြစ်ထွန်း နိုင်ကြောင်း၊ သရက်ခွံစွန့်ပစ်များမှ တိရိစ္ဆာန်အစာထုတ်လုပ်နေမှု ကို တိုးချဲ့ဆောင်ရွက် နိုင်ပါက သရက်စိုက်တောင်သူများ၏ ဈေးကွက်ပိုမိုရရှိနိုင်ကြောင်း၊ နောင်နှစ် များတွင်လည်း ယခုထက်မက ပိုမိုလက်ခံဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စက်ရုံအတွက် လိုအပ်သည့် အရင်းအနှီးချေးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းပြောကြားပြီး သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်သည့် စက်ရုံအတွင်းလှည့်လည် ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုပ္ဗသီရိမြို့နယ်အတွင်းရှိ စမ်းဝတီ နို့စားနွား မွေးမြူရေးခြံသို့ ရောက်ရှိလေ့လာပြီး ယခုကဲ့သို့ နို့စားနွားများ မွေးမြူသည့်အတွက် စီးပွားဖြစ်ဆောင်ရွက် နိုင်သည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနိုင်ကြောင်း၊ မွေးမြူရေးခြံမှထွက်ရှိသော နွားချေးများအား သဘာဝဓာတ် မြေဩဇာ ပြုလုပ်၍ သမဝါယမအသင်းသား တောင်သူများထံ ရောင်းချပေးနိုင်ရေး ဓာတ်မြေဩဇာ ထုတ်လုပ်ရောင်းချမည့် အစီအစဉ်များရေးဆွဲဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်နိုင်ပါက အကျိုးအမြတ်ရရှိနိုင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ အသားစားနွား မွေးမြူမည့်လုပ်ငန်းစဉ်အတွက်လိုအပ်သော အရင်းအနှီးချေးငွေအား သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
(သတင်းစဉ်)


