နေပြည်တော် ၂၃   ဇွန်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့နံနက် ၇ နာရီခွဲတွင် video conferencing ဖြင့် ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဝန်ကြီးများ၏ (၁၀) ကြိမ်မြောက် ကြားဖြတ်အစည်းအဝေးသို့ ပါဝင် တက်ရောက်ဆွေးနွေးသည်။

 

အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Mr. Tran Tuan Anh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး Ms. Myung Hee Yoo က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများဖြစ်ကြသော ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေး၌ ဝန်ကြီးများက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် RCEP ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏ လမ်းညွှန်ချက် အတိုင်း ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် တွင် လက်မှတ်ရေးထိုးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြသည်။

 

ဆက်လက်၍ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌက RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ညှိနှိုင်းပြီးစီးမှုအခြေအနေများကို ဝန်ကြီးများထံ တင်ပြရာတွင် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ အစည်းအဝေးများ ကျင်းပခဲ့မှုနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ညှိနှိုင်းရန် ကျန်ရှိသည့် ကိစ္စရပ်များကို ဝန်ကြီးများထံသို့ တင်ပြ၍ လမ်းညွှန်မှုခံယူသည်။ ဝန်ကြီးများက တင်ပြသောအစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းရန် ကျန်ရှိနေသောကိစ္စ များအပေါ် ဆွေးနွေးလမ်းညွှန်ခြင်းနှင့် ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိသည့်ကိစ္စရပ်များအတွက် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီသို့ တာဝန်ပေးအပ်ခြင်းတို့ ဆောင်ရွက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း Virtual အစည်းအဝေးများ စဉ်ဆက်မပြတ်ပြုလုပ်၍ သိသာထင်ရှား သော ရလဒ်များ ရရှိအောင် ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည့် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီနှင့် လုပ်ငန်းအဖွဲ့များအား ချီးကျူးပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး၌ စိန်ခေါ်မှုများ ရှိနေချိန်တွင် RCEP သဘောတူစာချုပ်ကို အပြီးသတ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ RCEP ကို လက်မှတ်ရေးထိုးခြင်းသည် ကမ္ဘာ့စည်းမျဉ်းအခြေခံသော နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ဆက်လက်ထိန်းသိမ်း၍ ခိုင်မာအားကောင်းသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်ကို ထင်ဟပ် စေမည် ဖြစ်ကြောင်း၊ ညှိနှိုင်းရန် ကျန်ရှိနေသော ကိစ္စရပ်များကို အချိန်မီ ပြီးစီးအောင် အတတ်နိုင်ဆုံး ဖြေလျှော့မှုများပေး၍ အပြန်အလှန် နားလည်မှုကို အခြေခံပြီး ညှိနှိုင်း ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများ အားလုံးကို တိုက်တွန်း လိုကြောင်း ဆွေးနွေးပြောကြားသည်။

 

အစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၏ (၁၀) ကြိမ်မြောက် ကြားဖြတ်ညှိနှိုင်းအစည်းအဝေး ပူးတွဲကြေညာချက်ကို ဝန်ကြီးများက အတည်ပြုသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ RCEP ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီအဖွဲ့ ခေါင်းဆောင်  ဉီးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

(သတင်းစဉ်)