မေစီးပွား
အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်ခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းစဉ်နှင့် လက်မှတ်ရေးထိုးစဉ်ကာလများ၌ RCEP သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်မှုတို့ကို အများပြည်သူသိရှိနိုင်ရန် သတင်းစာများတွင် ရေးသားဖော်ပြ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသို့ ဆွေးနွေးချပြမှုကို လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Regional Comprehensive Economic Partnership – RCEP) ကို ၂၀၁၂ ခုနှစ်မှစတင်၍ (၈)နှစ်ကြာ ညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ RCEP သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ရာခိုင်နှုန်းနှင့် ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်စီးဝင်ခြင်း၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ကမ္ဘာ့အကြီးမားဆုံး စည်းမျဉ်းအခြေခံနိုင်ငံစုံ ကုန်သွယ်မှုသဘောတူစာချုပ်တစ်ခု ဖြစ်ပါသည်။ ယင်းသဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခြင်းဖြင့် စာချုပ်ပါ အခွင့် အလမ်းများကို ရယူခံစားနိုင်တော့မည် ဖြစ်ပါသည်။
RCEP သဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံ၏မိတ်ဖက်နိုင်ငံများအနက် တရုတ်နိုင်ငံက ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ အသက်ဝင်ကြောင်း အကြောင်းကြားစာကို အသိအမှတ်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ RCEP သဘောတူစာချုပ်အောက်မှ တရုတ်နိုင်ငံမှ ပေးအပ်မည့် အကောက်ခွန်ဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီဖြစ်ပါသည်။
အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံ- တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area- ACFTA) အရလည်း အခွင့်အရေးများကို ခံစားလျက်ရှိပါသည်။ သို့သော် ACFTA သည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံအကြား ပထမဆုံး စတင်ဆောင်ရွက်ခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (Free Trade Agreement-FTA)ဖြစ်သဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍ အနည်းငယ်သာပါဝင်ခဲ့ပါသည်။ RCEP သဘောတူစာချုပ်တွင် ပိုမိုကျယ်ပြန့်သည့် ခေတ်နှင့် လျော်ညီသည့် ကဏ္ဍစုံပါဝင်သော စာချုပ်ဖြစ်သဖြင့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို RCEP သဘောတူစာချုပ်အောက်မှ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ယခင်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တစ်ဖက်သတ် ကင်းလွတ်သက်သာခွင့် ကိုသာပေးသည့် အစီအစဉ်နှင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်တို့ကိုသာ အသုံးပြုလျက်ရှိရာမှ ယခုအခါ RCEP သဘောတူ စာချုပ်အောက်မှ အခွင့်အရေးများကိုပါ ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
RCEP သဘောတူစာချုပ်တွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်၌ မပါဝင်ခဲ့သည့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်းသည့် တင်ပို့မည့် ကုန်ပစ္စည်းအမျိုးအစား၊ ကောက်ခံမည့်အကောက်ခွန်တန်ဖိုးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိ/ထုတ်လုပ်သည့် ကုန်ပစ္စည်းတို့ကို ကြိုတင် သတ်မှတ်ခြင်း၊ ကုန်ပစ္စည်းရောက်ရှိသည့်အချိန်မှစ၍ ၄၈ နာရီအတွင်း အကောက်ခွန်ရှင်းလင်းရေးကို ပြီးစီးအောင်ဆောင်ရွက်ခြင်း စသည့်အချက်များ ထည့်သွင်းထားပါသည်။ သို့ပါ၍ RCEP သဘောတူ စာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို လျင်မြန်စွာထုတ်ယူနိုင်သည့် အကျိုး ကျေးဇူးရရှိမည် ဖြစ်ပါသည်။
ထို့ပြင် သွင်းကုန်ပမာဏမြင့်တက်မှုမှ ကာကွယ်ပေးခြင်း၊ လျှော့ဈေးဖြင့် စုပုံတင်ပို့ရောင်းချခြင်းနှင့် တစ်ဖက်နိုင်ငံမှ အထောက်အပံ့ရယူ၍ တင်ပို့ရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်တွင်းလုပ်ငန်းများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှုကို ကာကွယ်ဖြေရှင်းနိုင်သည့်အချက်များ ပါဝင်သဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူစာချုပ်အရ ကုန်သွယ်မှုပြုလုပ်ရာတွင် ယုံကြည်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ယခုအချိန်မှစ၍ ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုးကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။ ၎င်းတို့မှာ တိရစ္ဆာန် ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်း ၃၈၉ မျိုး၊ ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၁၆၃ မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတု ထွက်ကုန်နှင့် လုပ်ငန်းသုံး ကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည်ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည် အလိပ်နှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါအဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေ နှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့် မှန်ပစ္စည်း ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း ၆၂ မျိုး၊ သတ္တုနှင့် သတ္တုအခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့် စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူ ပို့ဆောင်ရေးအစိတ်အပိုင်းများ ၁၂၄ မျိုး၊ ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာပစ္စည်း ၂၄၀ မျိုး စသည်တို့ပါဝင်ပါသည်။ ကျန်ကုန်စည်များကိုလည်း နှစ်အလိုက်ပေးဆောင်ရမည့် အကောက်ခွန်လျှော့ချသည့် အခွင့်အရေးများကို ပေးအပ်ထားပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၄၂၀ ဒသမ ၀၅၂ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၆၇၂၉ ဒသမ ၁၇၄ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကြောင့် အမေရိကန် ဒေါ်လာ သန်း ၅၁၆၀ ဒသမ ၈၂၅ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၄၆၄၇ ဒသမ ၀၉၆ ဖြစ်ပါသည်။
သို့ပါ၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းအများစုကို အကောက်ခွန်နှုန်း ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် တင်ပို့နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံ့ပို့ကုန်ဝင်ငွေရရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ အခွန်အကောက်ဝင်ငွေများ ပိုမိုတိုးတက်ရရှိခြင်း စသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်ပါသည်။
ဝန်ဆောင်မှုအပိုင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ (၅၂)ခုကို ဖြေလျှော့ထားသော်လည်း၊ RCEP သဘောတူစာချုပ်အောက်တွင် စီးပွားရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖြန့်ဖြူးခြင်း၊ ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍများအောက်မှ ဝန်ဆောင်မှု ကဏ္ဍခွဲ(၈၀)ခုကို ဖြေလျှော့ထားပါသည်။ တရုတ် နိုင်ငံအနေဖြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဒေသအောက်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ (၈၈)ခုကိုသာ ဖြေလျှော့ထားသော်လည်း RCEP သဘောတူစာချုပ်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ (၉၅) ခုထိ ဖြေလျှော့ထားပါသည်။
ဝန်ဆောင်မှုကဏ္ဍများ ပိုမိုဖြေလျှော့ခြင်းအားဖြင့် စီးပွားရေးစွမ်းဆောင်မှုများ တိုးမြှင့်လာနိုင်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပို့ကုန်နှင့် ထုတ်လုပ်မှုများအနေဖြင့် အပြည်ပြည်ဆိုင်ရာ စျေးကွက်အတွင်း၌ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်မားလာနိုင်ခြင်း၊ စားသုံးသူများအတွက် ကောင်းမွန်သည့် အရည်အသွေးများအား ရွေးချယ်နိုင်ရန် အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ သဘောတူစာချုပ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော အရည်အသွေးမြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့စီးဝင်လာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာဆိုင်ရာ အကူအညီများလည်း လွှဲပြောင်းလက်ခံရယူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုကဏ္ဍများနှင့် ဆက်စပ်သည့် အခြားနယ်ပယ်များလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။
ယခင်ကရှိခဲ့သည့် အာဆီယံ၏ကုန်သွယ်ရေး သဘောတူစာချုပ်များတွင် ပါဝင်ခြင်းမရှိဘဲ RCEP သဘောတူစာချုပ်တွင် ထည့်သွင်းထားသည့် နယ်ပယ်များဖြစ်သည့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ် ရေးအခန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအခန်း၊ အစိုးရဝယ်ယူရေး အခန်းနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အခန်းများနှင့် စပ်လျဉ်း၍အကူအညီနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များအတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
RCEP သဘောတူစာချုပ်သည် ကဏ္ဍစုံပါဝင်သည့် ကမ္ဘာ့အဆင့်မီစာချုပ်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံတစ်ခု အနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များကို လိုက်ပါအကောင်အထည်ဖော်ရာတွင် မိမိနိုင်ငံအတွက် လိုအပ် သည့်ဥပဒေ၊ မူဘောင်များကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများအတွက်လည်း နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်ရန် အရည်အသွေးမြှင့်တင် နိုင်မည့်အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံဖြစ်သဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်သည့် အချို့သော ကတိကဝတ်များကို လိုက်ပါဆောင်ရွက်ရန်မလိုဘဲ တစ်ဖက်သတ်အခွင့်အရေးကို (၃)နှစ်မှ (၁၅)နှစ်အထိ ရရှိထားပါသည်။ အဆိုပါ အချိန်ကာလအတွင်း နိုင်ငံအတွက် လိုအပ်သည့် ဥပဒေမူဘောင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစု ပျိုးထောင်ခြင်း၊ စာချုပ်အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို အချိန်မီဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား RCEP သဘောတူစာချုပ် အသက်ဝင်လာခြင်းသည် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပြင် အနာဂတ် စီးပွားရေးပူးပေါင်းဆောင်မှုများအတွက် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နောက်ထပ် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။